မက္ကဆီကို လက်ဝဲ၀ါဒီ ကိုယ်စားလှယ်လောင်း အသတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
1.7K
မက္ကဆီကိုနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ ဖက်ဒရယ် ဥပဒေပြုအမတ် ဖြစ်လာဖို့ ကြိုးစားနေတဲ့ လက်ဝဲ၀ါဒီ ကိုယ်စားလှယ်လောင်းတယောက် ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့မှာ အသတ်ခံလိုက်ရပါတယ်။
ဒါဟာ ဆန္ဒမဲပေးပွဲမတိုင်ခင် အသက်အန္တရာယ် ထိခိုက်ခဲ့ရတဲ့ နောက်ဆုံး အကြမ်းဖက်မှု ဖြစ်ပါတယ်။
လက်ဝဲပါတီဖြစ်တဲ့ ဒီမိုကရက်တစ် တော်လှန်ရေးပါတီ (ပီအာရ်ဒီ) က မစ်ဂွဲလ် အင်ဂဲလ် လုနာဟာ မက္ကဆီကိုစီးတီးက လူဦးရေထူထပ်တဲ့ ဗာလိတီချာလ်ကို ဆင်ခြေဖုံးက သူ့ရဲ့ ပါတီရုံးခန်းမှာ လက်နက်ကိုင်လူစုရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့ မက္ကဆီကို ပြည်နယ်ရှေ့နေချုပ်ရုံးက ပြောပါတယ်။
သူဟာ မြို့တော်အုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ဖက်ဒရယ် လက်ထောက် တာဝန်တွေ ယူခဲ့ဖူးပါတယ်။
ခုတခါ ဖက်ဒရယ်အတွက် ထပ်ကြိုးစားနေချိန်မှာ ခုလို အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ လာမယ့် ဇွန် ၇ ရက်နေ့မှာ အောက်လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ဥပဒေပြု လွှတ်တော်အမတ် နေရာတွေအတွက် ရွေးကောက်ပွဲ ရှိပါတယ်။
ဆန္ဒမဲ မပေးရသေးခင်အချိန်ထိ အသင်းအဖွဲ့တွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေဆီကနေ သပိတ်မှောက်ဖို့ ခြိမ်းခြောက်တာတွေ၊ ဖျက်လိုဖျက်ဆီးလုပ်တာတွေ ပြန်ဖြစ်လာပြီး အခု သေဆုံးသူ လုနာ အပါအ၀င် ကိုယ်စားလှယ်လောင်း ၁၆ ယောက် အသတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။