စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် ဒီနေ့ ယှဉ်ပြိုင်ရာ မြန်မာ ယူ-၂၃ အသင်းနဲ့ စင်ကာပူအသင်းတို့ ပထမပိုင်းမှာ ၁-၁ ဂိုးနဲ့ သရေကျနေပါတယ်။
မြန်မာစံတော်ချိန် ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မြန်မာအသင်းက အဖြူရောင် ၀တ်စုံနဲ့ အိမ်ရှင်စင်ကာပူအသင်းကတော့ အနီရောင်ဝတ်ဆင်နဲ့ ပွဲထွက် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ပွဲစစချင်းမှာပဲ မြန်မာအသင်းက အလျင်မြန် တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ဒီနောက်မှာတော့ ၇ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးရှေ့ချပေးရာမှာ စင်ကာပူက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
၁၀ မိနစ်လောက်မှာ စင်ကာပူက ပြစ်ဒဏ်ဘော ရရှိခဲ့ပြီး ကန်သွင်းရာမှာ ဂိုးလွန်ဘောဖြစ်သွားပါတယ်။ ၁၄ မိနစ်မှာတော့ မြန်မာအသင်း နောက်တန်းကစားသမားတွေ အချိတ်အဆက်လွဲရာကနေ စင်ကာပူရှေ့တန်းလူ ကန်သွင်းခဲ့ပေမယ့် မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၈ မိနစ်မှာတော့ စင်ကာပူအသင်းက နံပါတ် ၆ နဲ့ မြန်မာအသင်းက လှိုင်းဘိုဘိုနဲ့ အပြန်အလှန် ထိခိုက်မိခဲ့လို့ လှိုင်းဘိုဘိုကို ထမ်းစင်နဲ့ ထုတ်ခဲ့ရပေမယ့် ကြီးကြီးမားမား ဒဏ်ရာရမှု မရှိခဲ့ပါဘူး။
၂၃ မိနစ်မှာ စင်ကာပူအသင်းက ထောင့်ကန်ဘောရရှိပြီး ကန်တင်လို့ ခေါင်းတိုက်သွင်းရာမှာ ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။
၂၄ မိနစ်မှာတော့ စင်ကာပူ ဂိုးဧရိယာ ဘယ်ခြမ်းမှာ မြန်မာအသင်းက ပြဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ စင်ကာပူအသင်းက ထောင့်ကန်ဘော ရရှိခဲ့ပြီး ကန်တင်ရာမှာ မြန်မာအသင်းက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း တောက်လျှောက်ဖိကစားခဲ့ပေမယ့် ၃၂ မိနစ်မှာ စင်ကာပူက ပြစ်ဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒီနောက် စင်ကာပူက ကျောနံပါတ် ၂ က မြန်မာဂိုးသမားကို လက်နဲ့ ပုတ်ခဲ့ပေမယ့် ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ခဲ့ပါဘူး။
၃၄ မိနစ်မှာတော့ မြန်မာနောက်ခံလူတွေ ဖျက်ထုတ်ရာမှာ လက်ထိဘောဖြစ်သွားလို့ စင်ကာပူကို ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ အဲဒီပင်နယ်တီကို စင်ကာပူရှေ့တန်းလူ ကျောနံပါတ် ၁၀ က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။

မြန်မာအသင်းနဲ့ စင်ကာပူအသင်းဟာ ပထမပိုင်းပြီးဆုံးချိန်အထိ နှစ်ဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပေမယ့် တဖက်နဲ့တဖက် ဂိုး ထပ်မသွင်းနိုင်ပဲ သရေနဲ့ ပြီးဆုံးသွားပါတယ်။