A d v e r t i s e m e n t With Us

ငွေကြေးအရှုပ်တော်ပုံကိစ္စ ဖီဖာဥက္ကဋ္ဌကို အမေရိကန်က စုံစမ်းစစ်ဆေးနေ

ဓာတ်ပုံ - ရိုက်တာ
ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာကို ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်လို့ အမေရိကန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဘလတ္တာအနေနဲ့ ဖီဖာဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာပြီး နောက်ပိုင်းမှာ အမေရိကန်က စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့နဲ့ ဆွစ်ဇာလန် ရဲတပ်ဖွဲတို့ ပူးပေါင်းပြီး ဖီဖာက ထိပ်တန်းတာဝန်ရှိသူ ၇ ဦးကို ပြီးခဲ့တဲ့အပတ်က အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဆပ်ဘလတ္တာ ကိုယ်တိုင်ကတော့ သူ့အနေနဲ့ ဘာမှ မှားယွင်းလုပ်ဆောင်တာ မရှိဘူးလို့ ပြောဆိုထားပါတယ်။ အမေရိကန် အရာရှိတွေကတော့ ဖီဖာက ထိပ်တန်းတာဝန်ရှိသူတွေရဲ့ ငွေကြေးအရှုပ်တော်ပုံနဲ့ ငွေခ၀ါချတယ်ဆိုတဲ့ စွဲချက်တွေအပေါ် စုံစမ်းမှုတွေမှာ ဖီဖာက တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်ဖို့ ပြောဆိုထားပါတယ်။ တောင်အာဖရိက အားကစားဝန်ကြီးကတော့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ဖီဖာက တာဝန်ရှိသူတဦးကို ဒေါ်လာ ၁၀ သန်း ပေးခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဘလတ္တာအနေနဲ့ ရာထူးက နုတ်ထွက်ထားပေမယ့် လာမယ့် ဒီဇင်ဘာနဲ့ နောက်နှစ် မတ်လအတွင်းမှာ လုပ်မယ့် ဖီဖာဥက္ကဋ္ဌ ရွေးချယ်ပွဲ မတိုင်ခင်အထိ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up