အိမ်ရှင်စင်ကာပူနှင့်ပွဲ လက်မှတ်ကန့်သတ်မှုကြောင့် မြန်မာပရိသတ်များ အခက်ကြုံ

မြန်မာ-အင်ဒိုနီးရှားပွဲစဉ်က မြန်မာပရိသတ်များ ဓာတ်ပုံ - Myanmar Football Federation
စင်ကာပူနိုင်ငံမှာ ဒီနေ့ညနေပိုင်း ကစားမယ့် မြန်မာနဲ့စင်ကာပူအသင်းတို့ ဘောလုံးပွဲ လက်မှတ်ကို စင်ကာပူပြိုင်ပွဲကျင်းပရေးအဖွဲ့က ကန့်သတ်ရောင်းချနေလို့ မြန်မာအသင်းကို အားပေးမယ့် မြန်မာပရိသတ်တွေ အခက်တွေ့နေကြပါတယ်။ စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ဘောလုံးအသင်းရဲ့ အသင်းမီဒီယာအရာရှိ ဦးဇော်မင်းထိုက်က သူတို့ ကြားသိရသလောက် မြန်မာပရိသတ်တွေအတွက် လက်မှတ် ၅၀၀ လောက်ပဲ ရောင်းပေးတယ်လို့ ပြောပါတယ်။ “လက်မှတ်ခွဲတမ်းအရတော့ အိမ်ရှင်က အားသာချက်အများကြီးရှိတယ်၊ ကျနော်တို့အပြင်မှာကြားတာ လက်မျတ် ၅၀၀ လောက်ပဲ ထုတ်ရောင်းတယ်။ မြန်မာပရိသတ်တွေ လက်မှတ်အခက်အခဲ ဖြစ်တယ်။” စင်ကာပူနဲ့ကန်တဲ့ပွဲပဲ လက်မှတ်အခက်အခဲဖြစ်ပြီး ကျန်ပွဲစဉ်တွေအတွက် အခက်အခဲ မရှိဘူးလို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံ၊ သဇင်မြန်မာမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးကောင်းမြတ်နွယ်က ဆိုင်ရာအဖွဲ့အစည်းက ဘောပွဲလက်မှတ်ခွဲတမ်းနဲ့ရောင်းတာ ပြဿ  နာတစုံတရာဖြစ်မှာစိုးလို့ ဖြစ်ကြောင်း ပြောပါတယ်။ “အုပ်ချုပ်ရေးပိုင်းက လုပ်တာဗျ။ ဟိုတုန်းကလည်း ဖြစ်ဖူးတယ်။ အစဉ်အလာရှိတယ်၊ မြန်မာနဲ့ စင်ကာပူကန်လို့ရှိရင် ပြဿ နာတက်တော့ သူတို့က မြန်မာပရိသတ်ကို လက်မှတ်ကန့်သတ်ပြီးရောင်းတာ။” စင်ကာပူရဲက မေတ္တာရပ်လို့ သူတို့ သဇင်မဂ္ဂဇင်းအင်တာနက်စာမျက်နှာမှာ ဇွန် (၄) ရက်နေ့မှာ အိမ်ရှင် စင်ကာပူနှင့် မြန်မာတို့ တွေ့ကြမည့်ပွဲမှာ မြန်မာပရိသတ်တွေအတွက် ၀င်ခွင့် လက်မှတ်များ ကုန်သွားပါသဖြင့် အိမ်မှာပဲ နားနားနေဖြင့် အားပေးကြရန် တိုက်တွန်း အပ်ပါသည်...ဆိုတဲ့ကြော်ငြာစာသား ဖော်ပြပေးထားရတယ်လို့ ပြောပါတယ်။ ဇွန် ၂ ရက်က မြန်မာနဲ့ အင်ဒိုနီးရှားတို့ပွဲမှာ စင်ကာပူမှာရှိတဲ့ မြန်မာပရိသတ်အားပေးမှု အထူးကောင်းမွန်များပြားခဲ့ပြီး ပရိသတ်အားပေးမှုဟာ မြန်မာဘောလုံးအသင်း အောင်ပွဲရဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ အသင်းတာဝန်ရှိသူတွေက မှတ်ချက်ပေးပြောကြားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up