ထိုင်းရဲအရာရှိ ဟန်ဆောင် သတို့သားကို မင်္ဂလာဆောင်တွင် ဖမ်းဆီး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆီဆကစ်ခရိုင်မှာ ဒုရဲမှူးကြီး ၀တ်စုံဝတ် သတို့သားကို နယ်မြေခံရဲတပ်ဖွဲ့က မင်္ဂလာဆောင်အခမ်းအနားမှာ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရတ်သတင်း မှာ ဖော်ပြပါတယ်။ အသက် ၃၃ နှစ်ရွယ်ရှိ နိုင်းပကားဆစ် ကျူလာဟွမ် ဆိုသူဟာ မိမိကိုယ်မိမိ ထိုင်းအမျိုး သားထောက်လှမ်းရေးတပ်က ဒုဗိုလ်မှူးကြီးလို့ ဟန်ဆောင်ပြောဆိုပြီး လိမ်လည်နေတဲ့အတွက်  ဇွန်လ ၂  ရက်နေ့က သတို့သမီးနေရပ် ကန်ထရားလုမ်းမြို့မှာ မင်္ဂလာပွဲကျင်းပစဉ် ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က သတင်း စာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ ရဲတပ်ဖွဲ့က သူ့ဆီကနေ ရဲအရာရှိဝတ်စုံဖြူတစုံ၊ ရဲဦးထုတ်၊ ပခုံးမှရာထူးပြကြယ်ပွင့်၊ ပွိုင့် ၃၈ ပစ္စတိုတစ်လက်၊  ကျည်ဆန် ၂၂ ထောင့်၊ ဂုဏ်ထူးဆောင်ဓားရှည်တစ်လက်၊ ရဲဝတ်စုံဝတ် ဓာတ်ပုံ ၂ ပုံ၊ အေတီအမ် ငွေထုတ်ကတ် ၈ ခုတို့ကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ သူဟာ အယောင်ဆောင် ရဲမှူးဖြစ်တယ်ဆိုတာကို အဲဒီနေ့မှ သိရတဲ့အတွက် သတို့သမီးဟာ မေ့လဲမတတ်ဖြစ်သွားသလို မိဘဆွေမျိုးနဲ့ ဧည့်ပရိသတ်ပေါင်း   ၁၀၀၀ ကျော်လည်း အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်းပကားဆစ်ဟာ ဆမွတ်ဆာခွန်းဇာတိဖြစ်ပြီး သူဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထဲ ၀င်ရောက်လိုသူတွေ၊ ရာထူးအရွှေ့အပြောင်းလုပ်ချင်သူတွေကို လိုသလိုဆောင်ရွက်ပေး နိုင်တယ်လို့ ပြောထားတဲ့အတွက် ယုံကြည်သူတွေက တစ်ဦးကို ဘတ်ငွေ ၁ သိန်းကနေ ၂ သိန်းထိ ဘဏ်စာရင်းထဲ လွှဲပေးထားကြောင်း အထောက်အထားတွေ့ရှိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ငွေလိမ်ယူမှုနဲ့  စမွတ်စခွန် ခရိုင်ရဲတပ်ဖွဲ့မှာ  နာမည်ပျက်စာရင်း သွင်းခံထားရသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။ ဓာတ်ပုံ - dailynews.co.th [gallery ids="95930,95931,95932"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up