ယူကရိန်းစစ်တပ်နှင့် သူပုန်အဖွဲ့ တိုက်ပွဲ ပြင်းထန် (ရုပ်သံ)

ယူကရိန်းခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေါ့ညက်စ်မြို့အနောက်ပိုင်းမှာ ယူကရိန်းစစ်တပ်နဲ့ သူပုန်တပ်ဖွဲ့တွေ ဇွန် ၃ ရက်နေ့က တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားတယ်လို့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုပါတယ်။
ဒေါ့ညကစ်မြို့ပြင် အစိုးရစစ်တပ်တပ်စွဲထားတဲ့နေရာတွေကို သူပုန်တွေက တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ထိုးစစ်ဆင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က စွပ်စွဲ ပါတယ်။
ဇွန် ၃ ရက်နေ့ မနက် ၃ နာရီလောက်မှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေက ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရ အန်ဒီလီဆင်ကိုက သတင်းထောက်တွေကို ပြောဆိုပါတယ်။
သူပုန်တွေရဲ့ ထိုးစစ်ကို လက်ရှိ အချိန်အထိတော့ ယူကရိန်းတပ်ဖွဲ့ဝင်တွေက တားဆီး နိုင်ထားတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးကလည်း ပြောဆိုပါတယ်။
အတည်မပြုနိုင်တဲ့သတင်းအရ ယူကရိန်းတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရပြီး သူပုန်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရကြတယ်လို့ ဆိုပါတယ်။
သူပုန်တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်တယ်ဆိုတဲ့ ယူကရိန်းစစ်တပ်ရဲ့စွပ်စွဲမှုကို သူပုန်တပ်မှူးကြီးက ငြင်းဆိုပါတယ်။
ဗွီဒီယိုမှာ မြင်ရတဲ့ပုံတွေကတော့ ဒေါ့ညက်စ်မြို့အနောက်ဘက် ၂၅ ကီလိုအကွာမှာရှိတဲ့ မြို့မှာ သူပုန်စခန်းတခုမှာ ယူကရိန်းစစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်နေကြတာဖြစ်ပါတယ်။
သူပုန်စခန်းတိုက်ခိုက်ခံရတာ ဖြစ်လို့ တုံ့ပြန်ပစ်ခတ်နေတာလို့ သတင်းထောက်တဦးက ပြောဆိုပါတယ်။