A d v e r t i s e m e n t With Us

နယူးဇီလန် – မြန်မာ ယူ ၂၀ ပွဲကြို

မြန်မာ ယူ ၂၀ အသင်းရဲ့ အုပ်စုတွင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အိမ်ရှင် နယူးဇီလန်အသင်းနဲ့ ကစားရမယ့်ပွဲဟာ နှစ်သင်းစလုံးအတွက် အခွင့်အရေးဆတူ ရှိနေတယ်လို့ ယူ ၂၀ အသင်း အတွင်းရေးမှူး ဦးစိုးမိုးက ပြောပါတယ်။ ဇွန် ၅ ရက် မွန်းလွဲပိုင်းမှာ ကစားရမယ့် မြန်မာအသင်းဟာ အုပ်စုတွင်း ၂ ပွဲစလုံး ရှုံးထားပေမယ့် နယူးဇီလန်ကိုနိုင်ရင် အုပ်စုတတိယနဲ့ အုပ်စုတက်နိုင်မယ့် မျှော်လင့်ချက် နည်းနည်းရှိနေတာမို့ အနိုင်ရလဒ် လိုအပ်နေပါတယ်။ တဘက် နယူးဇီလန်အသင်းက မြန်မာဂိုးပြတ်ရှုံးထားတဲ့ ယူကရိန်းကို သရေကစားထားပြီး မြန်မာက ၂ ဂိုး ၁ ဂိုးနဲ့ ကပ်ရှုံးထားတဲ့ အမေရိကန်ကိုတော့ ၄ ဂိုးပြတ် ရှုံးထားပြန်ပါတယ်။ မကစားခင်ပြောရင်တော့ နှစ်သင်းစလုံးအတွက် အခွင့်အရေး ဆတူရှိတယ်လို့ မြန်မာယူ ၂၀ အသင်းရဲ့ အတွင်းရေးမှူး ဦးစိုးမိုးက ပြောပါတယ်။ “၅၀-၅၀ လို့ ပြောရင်တော့ သဘာဝကျမယ်။ ကျနော်တို့ ကြိုးစားသလို အိမ်ရှင် နယူးဇီလန်ကလည်း ကျနော်တို့ထက်မနည်း ကြိုးစားမှာပဲလေ။ သူတို့ အိမ်ရှင်ဖြစ်နေတော့ စောစောစီးစီး ဘယ်ထွက်ချင်မလဲ။ မနက်ဖြန်မှာ ကစားသမားတွေရဲ့ ကစားပုံ၊ နည်းပြတွေရဲ့ အပြောင်းအလဲ၊ နောက် ကစားသမားတဦးချင်းရဲ့ ပွဲအပေါ် အာရုံစူးစိုက်မှု၊ ပွဲကံ၊ အရာရာစုပေါင်းလိုက်ရင် ပွဲအဖြေတခု ထွက်လာမှာပေါ့။ သေချာတာကတော့ မကစားခင် အခြေအနေမှာ ၅၀-၅၀ လို့ပြောတာ သဘာဝကျပါတယ်။” ယူကရိန်းနဲ့ပွဲမှာ ကစားသမားတွေ နိုင်ချင်စိတ်များပြီး ရှေ့အတက်မှာ ကောင်တာပေါက်ပြီး ဂိုးတွေအများကြီး ပေးလိုက်ရတဲ့အပေါ် မြန်မာ ယူ ၂၀ နည်းပြက ကစားသမားတွေကို ထောက်ပြ ပြောဆိုထားတယ်လို့လည်း သူက ပြောပါတယ်။ ယူ ၂၀ ဘောလုံးသမားတွေမှာ မပြောပလောက်တဲ့ ဒဏ်ရာရှိပြီး နောက်တန်းမှာ အားထားရတဲ့ သီဟထက်အောင် ယူကရိန်းနဲ့ပွဲမှာ အနီကတ်ထိထားလို့ အခုပွဲ ကစားလို့မရသလို ကွင်းလယ်ဖန်တီးရှင် ငြိမ်းချမ်းအောင်လည်း ဒဏ်ရာကြောင့် မကစားနိုင်ဘူးလို့ သိရပါတယ်။ အားကစားဂျာနယ်အယ်ဒီတာ ဦးချစ်ဝင်းမောင်ကလည်း မြန်မာနဲ့ နယူးဇီလန် နှစ်သင်းစလုံး အခွင့်အရေး ဆတူရှိတယ်လို့ပဲ ပြောပါတယ်။ “နယူးဇီလန်က အိမ်ရှင်၊ ပထမပွဲ ကစားသွားပုံအရလည်း ယူကရိန်းနဲ့ သရေကျထားတယ်၊ ကျနော်တို့ ၆ ဂိုးနဲ့ ဂိုးပြတ်ရှုံးထားတဲ့ ယူကရိန်းကို နယူးဇီလန်က သရေကစားထားတယ်။ အမေရိကန်ကိုတော့ ၄ ဂိုးပြတ် ရှုံးထားတယ်။ အဲ့ဒီရလဒ်တွေ တွက်ဆကြည့်ရင် နယူးဇီလန်က ကျနော်တို့အသင်းထက် နည်းနည်းသာတယ်လို့ ပြောရတာပေါ့။ ခြေစွမ်းပိုင်းအရ ပြောရင်တော့ ဒီအုပ်စုထဲမှာ မြန်မာနဲ့ နယူးဇီလန်က အညံ့ဆုံးလို့ ပြောလို့ရတာပေါ့၊ အခွင့်အရေးက ဆတူလောက်ရှိတယ်။” မြန်မာ ယူ ၂၀ အသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကို ပထမဆုံး တက်ရောက်ကစားခွင့်ရခဲ့တဲ့ အသင်းဖြစ်ပြီး ကစားသမားတွေရဲ့ ကြိုးစားပမ်းစား ကစားတတ်မှုကြောင့် ပြိုင်ပွဲတွေမှာ ရှုံးပေမယ့် ပရိသတ်က အားပေးမပျက် မေတ္တာမပျက် ဆက်လက်အားပေးနေတာ တွေ့ရပါတယ်။ အသင်းမှာ အားထားရတဲ့ အရန်ကစားသမား မရှိတာဟာလည်း အသင်းရဲ့ အားနည်းချက်တခု ဖြစ်နေပါတယ်။ အထက်က မှန်းထားသလိုပဲ မြန်မာနဲ့ နယူးဇီလန် အခွင့်အရေး ဆတူရှိပြီး သရေပဲကျသွားမလား၊ မြန်မာပရိသတ်တွေ တောင့်တနေတဲ့အတိုင်း မြန်မာအသင်းကပဲ နိုင်သွားမလား၊ ဒါမှမဟုတ် နယူးဇီလန်ကပဲ နိုင်သွားမလားဆိုတာ ဇွန် ၅ ရက်နေ့မှာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုကြပါစို့။

A d v e r t i s e m e n t With Us

More News
Up