Home
မေးမြန်းခန်း
တရုတ်ပြည်သူ့တပ်မတော်စစ်ရေးလေ့ကျင့်မှု ဒေါက်တာလှကျော်ဇောကို မေးမြန်းချက်
အေးနိုင်
·
June 4, 2015
တရုတ်-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံက ကြည်းတပ်နဲ့ လေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဇွန် ၂ ရက်နေ့က စတင်ပါတယ်။ တရုတ်တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ကိုးကန့်တပ်မတော်နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ မြန်မာ့တပ်မတော် ဘက်က ပစ်ခတ်တဲ့ ကျည်ဆန်တွေ တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက်ပြီး တရုတ်နိုင်ငံသား တချို့ သေကျေထိခိုက်ခဲ့ရပြီးနောက် အလုံးအရင်းနဲ့ လေ့ကျင့်မှု ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မယ်ဆိုတာကို မြန်မာအစိုးရကို အသိပေးထားပြီး ပြီးဆုံးမယ့်နေ့ကို နောက်ပိုင်းမှာ ထပ်မံအသိပေးမယ်လို့ဆိုပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့  နိုင်ငံရေးအကဲခတ် ဒေါက်တာ လှကျော်ဇောကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မနေ့က စတင်တဲ့ တရုတ်တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ အန်တီတို့ အတွေ့အကြုံအရ သာမန်ဖြစ်ရိုးဖြစ်စဉ်ပဲလား၊ ထူးခြားလား။ “အရင်တုန်းကလည်း သူတို့ စစ်ရေးလေ့ကျင့်ခန်းတွေတော့ လုပ်တတ်ပါတယ်။ နယ်စပ် မှာပေါ့ဗျာ။ အထူးသဖြင့် ကျမတို့ဘက်က ရုတ်ရုတ်ရုတ်ရုတ်တွေ ဖြစ်တိုင်းပေါ့။ ဥပမာ ကေအိုင်အေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာရင်၊ သူတို့ဘက်ကမ်းကို တရုတ်ပြည်ဘက်ကမ်းကို ဂယက်ရိုက်ခတ်မှု တစုံတရာရှိရင် သူတို့ ခါတိုင်းလည်း လုပ်လေ့လုပ်ထ ရှိပါတယ်။ ဒါပေမယ့် ဒီတခါကတော့ လေတပ်ပါ ပါပြီးတော့ နည်းနည်းပိုပြီးတော့ ဘယ်လိုခေါ်မလဲ အဆင့်မြင့်တာပေါ့လေ။ ဒီတခါလုပ်တာက။ ဒါပေမယ့် သူတို့က ဒါကို အများကြီး သတိထားပါတယ်။ ဗမာအစိုးရဘက်ကိုလည်း သူတို့ အစောကြီး ကြိုပြီးတော့ ပြောဆိုထားပါတယ်။ ဘယ်နေရာတွေ၊ ဘယ်နေရာတွေမှာ လုပ်မယ်ဆိုတာတွေကို။ အဲဒီတော့ ခါတိုင်းထက်တော့ နည်းနည်းပိုပြီးတော့ အဆင့်မြင့်တာပေါ့လေ။ တရုတ်စစ်တပ်ဘက်က လုပ်ပုံကိုင်ပုံတွေက။ နောက် ဒုံးကျည်တွေဘာတွေ ပစ်တာရော။ အဲဒါတွေကို တယ်လီဗေးရှင်းက နေ့တိုင်းပြနေတာ။” အရင်တုန်းက လေ့ကျင့်မှုအင်အားတော့ မသိပါဘူး။ အခုဟာက ကိုးကန့်နဲ့ တိုက်ပွဲ ဖြစ်စဉ်က အင်အားတချို့ ဖြန့်ကျက်နေရာယူရာကနေ အခု ထပ်မံတိုးမြှင့်တဲ့အတွက် အင်အား ၄ သောင်း၊ ၅ သောင်းလောက်ထိ ရောက်ရှိလေ့ကျင့်နေတယ်လို့ ကြားသိရလို့။ “အဲဒီအင်အား အတိအကျတော့ သူတို့မပြောပါဘူး။ ဒါပေမယ့် သူတို့လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့အမြင်ကတော့ တရားဝင်ကြေညာတာကတော့ ဒီလိုပါ၊ တရုတ်-မြန်မာနယ်စပ် မျဉ်းကြောင်းတလျှောက် တည်ငြိမ်ရေးအတွက် လက်ဦးမှုရှိရှိ ပြင်ဆင်တာလို့ ပြောပါတယ်။ ဒါပေမယ့် တကယ့်တကယ် သူတို့ရည်ရွယ်ချက်ကတော့ အဲဒီ သူတို့ တရုတ်ပြည်ဘက်ကမ်းက သူတို့ပြည်သူလူထုပေါ့။ တရုတ်ပြည်သူလူထုက တရုတ်တပ်မတော် အပေါ် တော်တော်စိတ်ဆိုးနေတယ်လေ။ သူတို့ကို ကောင်းကောင်း မကာကွယ်ဘူး။ သူတို့ကို ပစ်ထားတယ်၊ ဘာတယ်။ အဲဒါတွေကို Domestic ပေါ့ဗျာ။ ပြည်တွင်းလူထုအတွက် ပိုပြီးတော့ အားထားပုံရပါတယ်။ ပိုပြီးတော့ အာရုံစိုက်ပုံရပါတယ်။” ကိုးကန့်တပ်နဲ့ တလောက တိုက်ပွဲပြင်းထန်တုန်းက တရုတ်ဘက်က လူတချို့သေတယ်။ လူနေအိမ်တချို့ ပျက်စီးတယ်။ ကနဦးပိုင်းမှာ ဗမာဘက်က ငြင်းပေမယ့် နောက်ပိုင်း ဗမာကျည်ကြောင့် သေတယ်ဆိုတာ ၀န်ခံတယ်။ အဲဒီနောက်ပိုင်းမှာ ထပ်ကျနေသးတယ်။ တရုတ်ကာကွယ်ရေးဌာနက တော်တော်သတိပေးတယ်။ အဲဒီကျည်ကျော်ကျတာတွေက တရုတ်ပြည်တွင်းမှာ ဘယ်လောက် ဂယက်ရိုက်သလဲ။ “ဒီလို၊ ဗမာအစိုးရကို သူတို့ အကြိမ်ကြိမ်ပဲ သတိပေးတယ်။ နောက်ပြီးတော့ အဲဒီလောက် သတိပေးနေတဲ့ကြားထဲက ဗမာ့လေတပ်ကရော၊ စစ်တပ်ကရော ဂရုမစိုက်ဘူးပေါ့ဗျာ။ ထပ်ထပ်ပြီးတော့ ပစ်တယ်။ ပစ်တာ ခဏခဏ ကျတယ်။ ကျတော့ သူတို့ ပြည်သူလူထုကလည်း မခံမရပ်နိုင်ဖြစ်လာတာလေ။ သေတဲ့သူတွေလည်း သေကုန်ပြီ။ မသေခင်ကတည်းက ပထမတချီကျကတည်းက သူတို့ အကြိမ်ကြိမ်ပြောရဲ့သားနဲ့ ဂရုမစိုက်ဘူး ဆိုပြီးတော့ နယ်စပ်မှာရှိတဲ့ သူတို့ တရုတ်ပြည်သူလူထုကကိုက တော်တော်ကြီးကို မကျေမနပ်ဖြစ်တော့ အဲဒီဟာကို ဟိုဒင်းပြု (စိတ်ကျေနပ်အာင်ဆောင်ရွက်) ဖို့လည်း လိုတယ်။ နောက် ဗမာအစိုးရကလည်း မဖြစ်ညစ်ကျယ်က တော်တော်လုပ်တယ်ဗျ။ အဲဒီနယ်စပ်မှာ ကင်း လှည့်သွားတဲ့ ကားတွေကို လှမ်းပြီး ပစ်တာတို့၊ ဘာတို့ ညာတို့လုပ်တယ်။ ရန်စတဲ့ လုပ်ငန်းမျိုး တွေ လုပ်တယ်။ အဲဒါကိုလည်းသူက နည်းနည်း ဘယ်လိုခေါ်မလဲ အင်အားပြချင်တာ ပါတယ် ထင်တယ်။ အဲဒါကြောင့်မို့လို့ စစ်ရေးလေ့ကျင့်မှုကို လုပ်တယ်လို့ ထင်ရတာပဲ။” ကိုးကန့်တိုက်ပွဲဖြစ်စဉ်တလျှောက် နယ်စပ်က မြန်မာနိုင်ငံသားတွေဘက်ကရော ဘယ်လောက် စိုးရိမ်လဲ။ နှစ်နိုင်ငံ တင်းမာလာမှာကို စိုးရိမ်တာမျိုးအထိပေါ့။ “ဗမာပြည်ဘက်ကလူတွေကတော့ ဗမာစစ်တပ်ကိုပဲ ကြောက်ရတာပဲလေ။ ဗမာ့တပ်မတော်ကိုပဲ ကြောက်ရတာပဲ။ တရုတ်ဘက်ကို ပြေးလာလို့ကတော့ ခင်ဗျားလည်း ကြားမယ် ထင်တယ်။ အခု ဒီတခေါက် ကိုးကန့်ဖြစ်တဲ့အခါမှာ တရုတ်က သူ့နယ်စပ်ကို ဖွင့်ပေးထားတယ်။ အဲဒီမှာ ဒုက္ခသည်စခန်းတွေဘာတွေ ဖွင့်ပေးထာတယ်။ အရင်တုန်းက ကေအိုင်အေတုန်းကတော့ သူက နယ်စပ်ကို သေသေချာချာပိတ်တယ်။ ဒုက္ခသည် လုံးဝ လက်မခံဘူး။ အဲဒီတော့ ဒီဘက် ကမ်းမှာရှိတဲ့၊ ဒီဘက်ကမ်းမှာလည်း တရုတ်ကချင်တွေ ရှိတာကိုး။ အဲဒီကချင်တွေက သူတို့လူထုကို သူတို့ဟာ သူတို့ကူညီမယ်ဆိုပြီးတော့ ရုန်းရုန်းရုန်းရုန်း ဖြစ်တယ်။ သူတို့အစိုးရကိုလည်း မကျေနပ်ဘူးပေါ့ဗျာ။ လူ့ကရုဏာတရားနဲ့တောင် မကြည့်ဘူးဆိုပြီးတော့။ ဒီတခါ ကိုးကန့် ကျတဲ့အခါကျတော့ တရုတ်အစိုးရက လက်ဦးမှုရှိရှိပဲ ဒုက္ခသည်စခန်းတွေ ဘာတွေ ဖွင့်ပေးထားတော့ အဲဒီမှာ လူတော်တော်များများရောက်နေတာပဲလေ။ ကိုးကန့်ကလူတွေ။” လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်စုကျော်ကျော် တပ်မတော်အစိုးရလက်ထက်မှာ လုံခြုံရေး ကောင်စီမှာ တရုတ်က ဗီတိုပါဝါသုံးပြီး ကာကွယ်ပေးခဲ့သေးတယ်။ အခုကျတာ့  ပြောင်းပြန်လှန်သွားတဲ့အပေါ်  ဘယ်လိုသုံးသပ်သလဲ။ ပြောင်းပြန်လှန်သွားတယ်လို့ သုံးသပ်ရင် ရော မှန်တယ်ယူဆလား။ “ဒီလိုရှိတယ်ဗျ။ အစောပိုင်းတုန်းက ဗမာအစိုးရက အနောက်နိုင်ငံအစိုးရတွေက အကုန်လုံး သူ့ကို ပိတ်ဆို့ထားတာဖြစ်တာကိုး။ အဲဒီတော့ သူ့ကို အကာအကွယ်ပေးတာ တရုတ်အစိုးရပဲ ရှိတယ်လေ။ အခုတော့ အနောက်တိုင်းအစိုးရတွေပေါ့ အမေရိကန်၊ အပါအ၀င် ဥရောပနိုင်ငံတွေ၊ ဂျပန် အကုန်လုံးက တံခါးဖွင့်ပေးလိုက်တဲ့အခါကျတော့ သူက သူ့အနေနဲ့ တရုတ်ကိုပဲ အားကိုးစရာမလိုဘူး။ တခြားနိုင်ငံတွေကိုလည်း အားကိုးလို့ရတယ်ဆိုတဲ့ပုံမျိုးလုပ် လာတယ်။ တစ်အချက်၊ နှစ်အချက်က  ဗမာလူထုကိုလည်း သူက တရုတ်ဆန့်ကျင်ရေး သွင်း ချင်တာဖြစ်တယ်။  အဲဒီတော့ သူ့ပေါ်မှာပုံလာတဲ့ လူတွေရဲ့မုန်းတီးမှုကို သူက လမ်းလွှဲချင်တာ၊ လူမျိုးရေးတို့၊ တရုတ်ဆန့်ကျင်ရေးတို့ အဲဒီလို လမ်းလွှဲချင်တာ။ အဲဒီအပေါ်မှာ ဗမာ့တပ်မတော် က အခုပုံစံဖမ်းနေတယ်လို့ ကျမ ထင်တယ်။ ကိုးကန့်ကိစ္စက ကိုးကန့်လူမျိုးဆိုတာ သူတို့လည်း လက်ခံထားပြီးသား၊ ပြည်တွင်းက လူမျိုးစုတမျိုးပဲ။ သို့သော်လည်း အခုကျမှ ဘာလဲ အချုပ်အခြာ အာဏာကာကွယ်ရေးတို့ ဘာတို့တွေ တောပြောတောင်ပြောတွေ ပြောလာတာ။ အဲဒါကတော့ သူ့တပ်အတွက်ရော၊ ဗမာပြည်သူလူထုအတွက်ရော တရုတ်ဆန့်ကျင်ရေးသွင်းဖို့  လုပ်နေတယ်လို့ ထင်ရတာပဲ။” တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူဆို တော်တော် တင်းတင်းမာမာပြောခဲ့တာဆိုတော့ အဲဒီအခြေအနေကို ပြေလျော့အောင် သေးငယ်တဲ့နိုင်ငံငယ်အနေနဲ့ ဘယ်လိုသွားရင် သင့်တော်မယ်ထင်လဲ။ “ကျမကြည့်တာ ဒီလို တရုတ်ပြည်ရဲ့၊ သူ့ရဲ့ နိုင်ငံတကာ သံခင်း တမံခင်းကိုက သူက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး။ အဲဒီဟာကို အသားပေးတာဖြစ်တော့ ဘယ်နိုင်ငံက ရန်စ ရန်စ သူက အဲဒီနိုင်ငံတွေကို နည်းနည်း ကျောင်းမှန်းကန်းမှန်းသိအောင်ပေါ့ဗျာ နည်းနည်းလေး ခြိမ်း ခြောက်ရုံလောက်ပဲ ခြိမ်းခြောက်ပြီးတော့ ဆက်ဆံရေးတွေ မပျက်အောင် သူလုပ်မှာပါ။ ဘာဖြစ် လို့လည်းဆိုတော့ သူ့ရဲ့ နယ်စပ်ရေးရာကိစ္စက ဗမာတနိုင်ငံတည်းမဟုတ်ဘူး။ ဗီယက်နမ်တို့၊ ဖိလစ်ပိုင်တို့နဲ့လည်း ဖြစ်တာပဲ။ ဒါပေမယ့် အဲဒီဟာတွေကိုလည်း သူက တဖြည်းဖြည်းနဲ့ ငြိမ်းချမ်းစွာပြေလည်အောင် သူကြိုးစားတာပဲ။ အဲဒီတော့ ဗမာပြည်အရေးကိစ္စလည်း စိတ်ပူစရာ မရှိဘူးခင်ဗျ။ အင်အားကြီးတဲ့ တရုတ်ပြည်ဘက်က ငြိမ်းငြိမ်းချမ်းချမ်းပဲဖြစ်စေချင်တာဖြစ်တော့ သိပ်တော့ ပြသနာမရှိဘူးလို့ ထင်ပါတယ်။ ဗမာအစိုးရက သူ့ရဲ့ လိုအပ်မှုအရပေါ့ ပြည်တွင်း လိုအပ်မှုအရသာ ပြည်တွင်းမှာ တောပြောတောင်ပြောပြောနေတာသာဖြစ်တယ်။ တကယ့်တကယ်ကျတော့ ခင်ဗျားလည်း ကြားမလား မသိဘူး။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒီကိစ္စနဲ့ပတ်သက်လို့ ပြောတာ တော်တော့်ကို ပျော့ပျော့ပြောင်းပြောင်း ပြောနေတာပဲ တရုတ်ပြည်နဲ့ပတ်သက်လို့။” နယ်စပ်စစ်ရေးလေ့ကျင့်မှုဖြစ်စဉ်ပေါ်မှာထောက်ပြီး ‘တရုတ်ကိစ္စက ပေါ့လို့မရဘူး။ နိုင်ငံကြီးနှစ်နိုင်ငံအကြားမှာ မြန်မာ့အချုပ်အခြာ ပျောက်ဆုံးနိုင်တယ်’ ဆိုတဲ့ ပြောဆိုသုံးသပ်မှုတွေအပေါ် ဘယ်လိုရှုမြင်သလဲ။ အဲသလောက်စိုးရိမ်စရာကောင်းသလား။ “စိုးရိမ်စရာ မကောင်းပါဘူး။ ဘာမှ ဒီလောက် စိုးရိမ်စရာမရှိပါဘူး ကျမကြည့်တာတော့။ အဲဒါက တချို့ အဲလို ပြောနေတဲ့သူတွေက သူတို့မှာ တခြားရည်မှန်းချက်တွေ ရှိကောင်းရှိနိုင်ပါ လိမ့်မယ်။ ကျမကတော့ မပူပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ကိုယ်တိုင်က အိန္ဒိယနဲ့ ဆက်ဆံရေးပဲဖြစ်ဖြစ်၊ သူ တဖြည်းဖြည်းကောင်းမွန်အောင် လုပ်နေတာပဲ။ အဲဒီတော့ သိပ်ပြဿ   နာ မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024