A d v e r t i s e m e n t With Us

အီရတ်တွင် အသေခံကားဗုံးခွဲ၊ ၄၅ ဦး သေဆုံး (ရုပ်သံ)

အီရတ်နိုင်ငံ အန်ဘာပြည်နယ်မှာ အိုင်အက်စ်အစွန်းရောက်တွေရဲ့ အသေခံ ကားဗုံးဖောက်ခွဲမှုတွေကြောင့် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅ ယောက် သေဆုံးသွားတယ်လို့ အီရတ် လုံခြုံရေးအရာရှိတွေက ဇွန် ၂ ရက်နေ့က ပြောဆိုပါတယ်။ အန်ဘာပြည်နယ် ဖာလူဂျာမြို့နဲ့ ဆာမာရာမြို့အကြား ရဲဌာနချုပ်စခန်းကို ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်တင်ဆောင်ထားတဲ့ Humvees ကား ၃ စီးနဲ့ အသေခံ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အီရတ်စစ်တပ် အဆင့်မြင့်အရာရှိတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီရဲစခန်းကို အိုင်အက်စ်အစွန်းရောက်တွေ လက်ထဲက ပြန်လည်သိမ်းပိုက် ရရှိထားတာဖြစ်ပြီး ရှေ့တန်းကွပ်ကဲရေးစခန်းအဖြစ် အသုံးပြုနေချိန်မှာ အခုလို ဖောက်ခွဲခံရတာလည်း ဖြစ်ပါတယ်။ စခန်းထဲက လက်နက်တိုက်ပါ အကြီးအကျယ် ပေါက်ကွဲခဲ့လို့ အမှတ် ၉ တပ်မဟာတပ်မှူး ဗိုလ်မှူးချုပ်တဦးလည်း ဒဏ်ရာရသူ ၃၃ ယောက်ထဲမှာ ပါဝင်ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ ပြီးခဲ့တဲ့လက သိမ်းပိုက်ထားတဲ့ အန်ဘာပြည်နယ် မြို့တော် ရာမာဒီကို ပြန်လည်သိမ်းယူဖို့ အီရတ်စစ်တပ်နဲ့ အီရန်က နောက်ခံတဲ့ ရှီးယားမွတ်စလင် ပြည်သူ့စစ်တွေကို တိုက်ခိုက်ဖို့ အပြီးသတ်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ အဆင့်မြင့် လုံခြုံရေးသတင်းရင်းမြစ်က ဆိုပါတယ်။ ပြီးခဲ့ရက်တွေအတွင်း အန်ဘာပြည်နယ်အတွင်း အိုင်အက်စ်စစ်ဆင်ရေးတိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။ ရာမာဒီမြို့သိမ်းစစ်ဆင်ရေးအတွက် ရှီးယားမွတ်စလင် ပြည်သူ့စစ်အင်အား ၃ သောင်းဟာ အခြေခံစစ်သင်တန်းတွေ ပြီးဆုံးပြီး ရှေ့တန်းထွက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အီရန်နိုင်ငံလုပ် ဇီလ်ဇယ် တူး ပစ်စင် ၆ ခုကိုလည်း ရှေ့တန်းစခန်းကို ပေးပို့ထားပြီး ရာမာဒီမြို့သိမ်းတိုက်ပွဲကို မကြာခင် စတင်နိုင်မယ်လို့လည်း လုံခြုံရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up