အမေရိကန်လေဆိပ်များ လုံခြုံရေးအစီအမံ တင်းကျပ်ရန် တိုက်တွန်း

1.7K
အမေရိကန်လေဆိပ်တွေက လုံခြုံရေးဝန်ထမ်းတွေဟာ ခရီးဆောင်သေတ္တာတွေမှာ ဖောက်ခွဲရေးပစ္စည်း အတုတွေနဲ့ လက်နက်တုထည့်ထားလည်း ၉၅ ရာခိုင်နှုန်းကို မသိမ်းဆည်းပဲ လွှတ်ပေးခဲ့တယ်လို့ အမေရိကန် လုံခြုံရေး အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။
ဒါကြောင့် လေဆိပ်နဲ့ လေယာဉ်ခရီးစဉ်တွေ၊ လုံခြုံရေးအစီအမံတွေနဲ့ စည်းမျဉ်းဥပဒေတွေကို ပြန်ပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့ အမေရိကန် လုံခြုံရေးဌာန အတွင်းဝန် Jeh Johnson က ဇွန် ၁ ရက်နေ့က အလေးအနက် တိုက်တွန်းလိုက်တာပါ။
အမေရိကန်လေဆိပ် ၇၀ မှာ လျှပ်တပြက် စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့ချိန်မှာ လေဆိပ် ၃ ခုမှာပဲ ဒီပိတ်ပင်ထားတဲ့ လက်နက်တွေကို စုံစမ်းတွေ့ရှိပြီး သိမ်းဆည်းတာတွေ လုပ်ခဲ့တယ်လို့ ABC သတင်းဌာနက ဖော်ပြပါတယ်။
ဒါကြောင့် လေဆိပ်လုံခြုံရေး ၀န်ထမ်းတွေနဲ့ ခရီးဆောင်သေတ္တာ ဓာတ်မှန်ရိုက် စစ်ဆေးရေး ၀န်ထမ်းတွေကို ပြန်ပြီး လေ့ကျင့်သင်တန်းပေးတာတွေ၊ စစ်ဆေးရေးစက်တွေကို ပြန်လည်စစ်ဆေးဖို့လည်း လုံခြုံရေးအတွင်းဝန် Johnson က ပြောပါတယ်။
အမေရိကန်နိုင်ငံအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုတွေ အချိန်တိုင်းရှိနေတဲ့ အချိန်မျိုးမှာ အခုလို လုံခြုံရေးကိစ္စကို အထူး အလေးအနက်ထားတယ်လို့လည်း Johnson က ပြောပါတယ်။
ဒီစုံစမ်းတွေ့ရှိချက် အသေးစိတ်ကို တရားဝင်ထုတ်ပြန်မှာ မဟုတ်ပေမယ့် ရှေ့လျှောက် လုံခြုံရေးစစ်ဆေးရေး နေရာတွေမှာ ရှောင်တခင်စစ်ဆေးမှုတွေလည်း လုပ်သွားမှာဖြစ်တယ်လို့ အမေရိကန် လုံခြုံရေးအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။