A d v e r t i s e m e n t With Us

စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တရုတ်-ပါကစ္စတန် ဆွေးနွေး

ဓာတ်ပုံ - ဆင်ဟွာနက်
တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေက စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေက ဇွန် ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးကြပြီး စစ်ဘက်ဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းအောင်ဆောင်ရွက်ဖို့ ကတိပြုခဲ့ကြပါတယ်။ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းက ဧည့်သည် ပါကစ္စတန် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆိုဟေးလ်အမန်နဲ့ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းဖို့နဲ့ သင်တန်းတွေ၊ စစ်အသုံးအဆောင်နဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးကဏ္ဍတွေမှာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ တရုတ်ဘက်က လိုလားချက်ကို ပြောဆိုခဲ့ကြောင်း ဘီဂျင်းမြို့ကလာတဲ့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ဖန်ချန်လောင်းက “တရုတ်နဲ့ ပါကစ္စတန်ဟာ အမြဲတမ်း တယောက်နဲ့တယောက် ယုံကြည်ထောက်ပံ့ကြတဲ့ မိတ်ဆွေရင်းခြာတွေ ဖြစ်ကြပါတယ်” လို့  ပြောပါတယ်။ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။ ပါကစ္စတန် ဗိုလ်ချုပ်ကြီး ဆိုဟေးလ်ကလည်း ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံနဲ့ အပြန်အလှန်ဆက်ဆံရေးကို အမြဲတမ်း ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားရှိတယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အပြန်အလှန် ကူးလူးဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့၊ အထူးသဖြင့် လေတပ်ဖွဲ့ချင်း လက်တွဲဆောင်ရွက်လိုကြောင်းနဲ့  နှစ်နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်လမ်း လုံခြုံစိတ်ချရမှုအတွက် အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။ ဒီစီးပွားရေးစင်္ကြန်လမ်း စီမံကိန်းဟာ ၂၀၁၅ ခုနှစ်က တရုတ်သမ္မတ ကျန်ဇီပင်းရဲ့ ပါကစ္စတန်ခရီးစဉ်အတွင်း ကြေညာခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံကျော် ကုန်ကျမယ့်စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံ မြောက်ဖျားပိုင်းနဲ့ ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ဒေသက ဂွာဒါဆိပ်ကမ်းကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ ကီလိုမီတာ ၃၀၀၀ ရှည်လျားတဲ့ ဒီစီမံကိန်းကြောင့် တရုတ်နိုင်ငံအဖို့ အာရေဗျပင်လယ်ကိုဖြတ်ပြီး အရှေ့အလယ်ပိုင်းဒေသနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အိန္ဒိယက လက်မခံနိုင်ကြောင်း တုံ့ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up