မားစ်ရောဂါကြောင့် တောင်ကိုရီးယားတွင် စာသင်ကျောင်း ၂၀၀ ကျော် ပိတ်

ဓာတ်ပုံ - အေအက်ဖ်ပီ
တောင်ကိုရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်း အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါ မားစ် (MERS) ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်တဲ့အနေနဲ့ စာသင်ကျောင်းပေါင်း ၂၀၉ ကျောင်းကို ပိတ်ထားလိုက်တယ်လို့ ပညာရေးဌာနက ဇွန် ၃ ရက်နေ့က ပြောပါတယ်။ ပိတ်လိုက်တဲ့ စာသင်ကျောင်းအများစုဟာ ဆိုးလ်မြို့တော်အနားရှိ ကွန်ခီပြည်နယ် (ကိုရီးယားအသံထွက်) က ကျောင်းတွေဖြစ်ပြီး ဇွန်လ ၁ ရက်က ဒီရောဂါကြောင့် ပထမဆုံး သေဆုံးမှုဖြစ်ခဲ့တဲ့ နယ်မြေဖြစ်တယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။ ပညာရေးဝန်ကြီး ဟွမ်ဝူယိုက ကျောင်းသားတွေကို ဒီဗိုင်းရပ်စ်ဘေးကနေ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အရေးပေါ် အစည်းအဝေးကို ခေါ်ယူခဲ့ပါတယ်။ “ကျောင်းသားတယောက်မှ ဗိုင်းရပ်စ်ကူးစက်မှု မရှိပေမယ့် ကျောင်းသားတွေနဲ့ ဆရာတွေကိုတော့ ကြိုတင်ကာကွယ်မှုအနေနဲ့ သီးသန့် နေရာခွဲထားလိုက်တာပါ။ ဒေသတွင်း ပညာရေးမှူး ၄ ယောက်နဲ့ ဆွေးနွေးပြီးနောက်မှာတော့ ပညာရေးဝန်ကြီးဌာနနဲ့ ပညာရေးရုံးတွေကို တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်တွေကနေတဆင့် လုပ်ဆောင်သွားမှာ” လို့ ဟွမ်က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ မားစ် ရောဂါ ကူးစက်သူ နောက်ထပ် ၅ ယောက် တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးက ဇွန် ၃ ရက်နေ့ ကြေညာပါတယ်။ နှစ်ပတ်အတွင်း ကူးစက်သူ အယောက် ၃၀ ရှိပြီး အခုအထိ သေဆုံးသူ ၂ ယောက် ရှိပါတယ်။ အခု နောက်ဆုံး ကူးစက်ခံရသူ ၅ ယောက်ထဲက လေးယောက်ကိုတော့ ပထမဆုံး လူနာကို တင်ထာတဲ့ ဆေးရုံမှာပဲ ပို့ထားပါတယ်။ တောင်ကိုရီးယားမှာ ပထမဆုံး မားစ်ရောဂါ ကူးစက်တဲ့ လူနာက အသက် ၆၈ နှစ်အရွယ် အမျိုးသားကြီး တဦးဖြစ်ပြီး အရှေ့အလယ်ပိုင်း လေးနိုင်ငံက အပြန်မှာ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ လူ ၁၃၀၀ ယောက်ကို မားစ်ရောဂါ ကူးစက်နိုင်တယ်ဆိုတဲ့ သံသယနဲ့ သီးသန့်ခွဲပြီး စောင့်ကြည့်နေပါတယ်။ မားစ်ရောဂါဟာ ၂၀၁၂ မှာ လူကိုကူးစက်တာ စတင်တွေ့ရှိခဲ့ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ရောဂါတမျိုးဖြစ်တဲ့ SARS  ရောဂါနဲ့လည်း အမျိုးတူပါတယ်။ ဒါပေမယ့် မားစ် ရောဂါဖြစ်ရင် သေဆုံးနိုင်ခြေက ၃၈ ရာခိုင်နှုန်းရှိလို့ SARS  ရောဂါထက် ပြင်းထန်ပါတယ်။ ကုသဖို့ ဆေးရော၊ ကာကွယ်ဆေးရော မပေါ်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up