ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံပြိုကျပြီး လူ ၁၁၀၀ ကျော် သေဆုံးမှု ပိုင်ရှင်ကို လူသတ်မှုဖြင့် ရုံးတင်

ဓာတ်ပုံ - အေပီ
1.8K
၂၀၁၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတည်ချုပ်စက်ရုံပြိုကျပြီး လူ ၁၁၀၀ ကျော် သေဆုံးခဲ့ရမှုအတွက် စက်ရုံပိုင်ရှင်ဖြစ်သူကို ဇွန်လ ၁ ရက်နေ့က လူသတ်မှုနဲ့ ရုံးတင်လိုက်ပါတယ်။
ပိုင်ရှင်ဖြစ်သူ ဆိုဟယ် ရနာနဲ့ တခြား အစိုးရအာဏာပိုင် ၁၀ ယောက်ကျော် အပါအ၀င် စက်ရုံပြိုကျမှုမှာ တာဝန်ရှိသူအားလုံး ၄၂ ဦး ရုံးတင်ခံရတာပါ။ စက်ရုံမပြိုကျခင် တရက်အလိုမှာ စက်ရုံထဲ အလုပ်သမား မ၀င်ရောက်ဖို့ သတိပေးတားမြစ်ဖို့ ပိုင်ရှင်နဲ့ တာဝန်ရှိသူတွေက ပျက်ကွက်ခဲ့တာပါ။ ဒါကြောင့် စက်ရုံပြိုကျချိန်မှာ လူ ၁၁၀၀ ကျော် သေဆုံးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသမိုင်းမှာ အဆိုးဆုံး စက်ရုံမတော်တဆမှုကြီး ဖြစ်ခဲ့တာပါ။
သေဆုံးသူများပြားတဲ့အတွက် လူသတ်မှုအဆင့်ကို တိုးမြှင့်ခဲ့တာဖြစ်တယ်လို့လည်း အစိုးရရှေ့နေတွေက ဆိုပါတယ်။ ဒါကြောင့် လူသတ်မှုနဲ့ ရုံးတင်ခံရသူ ၁၇ ဦးဟာ ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရနိုင်ပါတယ်။
လာမယ့် ဇွန် ၂၈ ရက်နေ့မှာ တရားခံကို ရုံးထုတ်မှာလည်း ဖြစ်ပါတယ်။ အဆောက်အဦပိုင်ရှင်ကတော့ စက်ရုံပြိုကျပြီး ရက်ပိုင်းအကြာမှာ အိန္ဒိယကို ထွက်ပြေးဖို့ပြင်နေတုန်း ဖမ်းဆီးခံခဲ့ရတာပါ။
လူသတ်မှုနဲ့ ရုံးတင်ခံထားရသူ ၁၇ ဦး အပါအ၀င် လူ ၁၈ ဦးကို အဆောက်အဦဆိုင်ရာဥပဒေ ချိုးဖောက်မှုနဲ့ပါ တရားစွဲခံရပါတယ်။ အဆောက်အဦဆိုင်ရာဥပဒေ ချိုးဖောက်မှုမှာ စက်ရုံကို တရားမ၀င် နောက်ထပ် အထပ် ၃ ထပ် ထပ်တင်ထားလို့ ဖြစ်ပါတယ်။
စက်ရုံပြိုကျမှုမှာ အလုပ်သမား ၂၅၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ကြပြီး တချို့ဟာ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အလုပ်သမားလုပ်ခလစာ သက်သာတဲ့အတွက် အနောက်နိုင်ငံတွေက နာမည်ကြီး အ၀တ်အထည်ကုမ္ပဏီတွေ လာရောက်အပ်နှံကြတာလည်း ဖြစ်ပါတယ်။