ရာသီဥတု ဆိုးရွားမှုကြောင့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် ဂျပန်တွင် ဆင်းသက်

တရုတ်နိုင်ငံ နန်ကျင်းမြို့ကနေ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကို ထွက်ခွာလာတဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာတွင်း ရာသီဥတု ဆိုးရွားနေတာကြောင့် ခရီးစဉ်ကို ဖျက်ပြီး ဂျပန်နိုင်ငံမှာ ဆင်းသက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ၆ ရက် ကြာမှာဖြစ်ပေမယ့် ခရီးစဉ်ထဲ ၃၆ နာရီ ပျံသန်းပြီးမှ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာပါ။
နာဂိုယာမြို့မှာ ရာသီဥတု ပြန်လည်ကောင်းမွန်တဲ့အထိ စောင့်ပြီးမှ ခရီးစဉ်ကို ပြန်လည်စတင်မယ်လို့ လေယာဉ်မှူး ဘောစ်ရှ်ဘက်ဂ် (Borschberg) က ပြောပါတယ်။
တရုတ်နိုင်ငံ နန်ကျင်းမြို့မှာလည်း အခုလိုပဲ ရာသီဥတု မကောင်းလို့ အချိန် ၁ လကြာ စောင့်ဆိုင်းခဲ့ရပြီးမှ ဒီခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ဟာ ၂ နာရီကျော် ပျံသန်းပြီးမှ အခုလို ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။ တကယ်လို့ ရှေ့ဆက်သွားပြီး ရာသီဥတုအခြေအနေက အခွင့်မသာခဲ့ရင် ပြန်လှည့်ဖို့ စွမ်းအင်မမီတော့ပဲ ပင်လယ်ထဲ လေယာဉ်ထိုးဆင်းရမယ့် အခြေအနေနဲ့ ကြုံတွေ့ရမှာပါ။
နာဂိုယာမြို့ ကိုမာကီလေယာဉ်ကွင်းကို လေယာဉ် ပြန်လည်ဆင်းသက်ခဲ့ချိန်မှာတော့ လေယာဉ်ဟာ ကီလိုမီတာ ၃၀၀၀ ကျော်၊ နာရီ ၄၀ လောက် ပျံသန်းခဲ့ပြီးဖြစ်လို့ ပျံသန်းချိန်နဲ့ အကွာအဝေး စံချိန်ချိုးလိုက်နိုင်ပြီလည်း ဖြစ်ပါတယ်။
ဂျပန်မှာ ရာသီဥတုအခြေအနေကို စောင့်တယ်ဆိုပေမယ့် အချိန်သိပ်နောက်ကျလာရင် နောက်ပိုင်းခရီးစဉ်တွေကိုလည်း ဆင့်ကဲ ထိခိုက်လာနိုင်စရာ ရှိပါတယ်။
အမေရိကန်နိုင်ငံကနေ အတ္တလန်တိတ်သမုဒ္ဒရာကို လေယာဉ်ဖြတ်သန်းတဲ့အခါ အတ္တလန်တိတ် ပာာရီကိန်းမုန်တိုင်းရာသီဖြစ်တဲ့ သြဂုတ်လ မတိုင်ခင် ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။