နည်းစနစ်ပိုင်း ပျက်စီးနေပြီဟု မလေးရှားလေကြောင်းလိုင်း စီအီးအိုသစ်ပြော

ဓာတ်ပုံ - ရိုက်တာ
မလေးရှားလေကြောင်းလိုင်းရဲ့ နည်းစနစ်ပိုင်း ပျက်စီးနေပြီလို့ မေလကမှ စတင်တာဝန်ယူခဲ့တဲ့ စီအီးအိုသစ်က ဇွန် ၁ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပြီး လက်ရှိ ၀န်ထမ်းအင်အား ၂၀၀၀၀ ကနေ ၆၀၀၀ ထပ်လျှော့ဦးမယ်လို့ ပြောပါတယ်။ မလေးရှား လေကြောင်းလိုင်းဟာ ပြီးခဲ့တဲ့နှစ်က ခရီးသည်လေယာဉ် ၂ စီး ပျက်ကျခဲ့ပြီး မလေးရှားအစိုးရက လေကြောင်းလိုင်း စီမံခန့်ခွဲမှုကို လွှဲပြောင်းရယူခဲ့ရတာပါ။ မလေးရှား လေကြောင်းလိုင်းဟာ မနှစ်က ဖြစ်ရပ်ဆိုးတွေ မကြုံခင် အရင်နှစ်တွေကတည်းက အရှုံးပေါ်နေခဲ့တာ ဖြစ်တယ်လို့ စီအီးအိုသစ် ခရစ်စတော့ မူလာ (Christoph Mueller) က ပြောပါတယ်။ လက်ရှိအချိန်အထိတော့ လေကြောင်းလိုင်းဟာ ပုံမှန်ခရီးစဉ်တွေကို ပြေးဆွဲနေပြီး ခရီးစဉ်ထိခိုက်မှုတွေ မရှိပါဘူး။ ပြီးခဲ့တဲ့နှစ် မတ်လက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ဦးနဲ့အတူ ပျောက်ဆုံးသွားတဲ့ ခရီးစဉ် MH370 လေယာဉ်ဟာ လက်ရှိအချိန်အထိလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ နောက် ၄ လအကြာမှာတော့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ဦး လိုက်ပါလာတဲ့ MH17 လေယာဉ်ဟာလည်း ယူကရိန်းနိုင်ငံကို ဖြတ်ပျံသန်းစဉ် လေယာဉ်ပစ်ဒုံးကျည်နဲ့ မှားယွင်းပစ်ချခံခဲ့ရပါတယ်။ ခရစ်စတော့ မူလာဟာ အရင်ကလည်း ဥရောပလေကြောင်းလိုင်းတွေမှာ အဆင့်မြင့် စီမံခန့်ခွဲမှုရာထူးတွေ ရယူခဲ့သူဖြစ်ပြီး ၀န်ထမ်းအင်အား လျော့ချတဲ့နေရာမှာ နာမည်ကြီးပါတယ်။ လေကြောင်းလိုင်းရဲ့ ကြေညာချက်ထဲမှာတော့ ၃ နှစ် အစီအစဉ်ချထားပြီး ၂၀၁၅ မှာ အရေးပေါ် ယိုပေါက်တွေကို ပိတ်ရမှာဖြစ်ပြီး ၂၀၁၆ မှာ လေကြောင်းလိုင်း တည်ငြိမ်မှုကို တည်ဆောက်မယ်၊ ၂၀၁၇ မှာ လေကြောင်းလိုင်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြံဆောင်မယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up