Home
မေးမြန်းခန်း
ယူကရိန်းကို ရှုံးပြီး မြန်မာ ပရိသတ်ပြောစကား
DVB
·
June 2, 2015
ဇွန်၂ ရက် ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာနဲ့ယူကရိန်းတို့ ကစားရာမှာတော့ မြန်မာအသင်းက ယူကရိန်းအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီပွဲမှာ မြန်မာအသင်းကို သွားရောက် အားပေးခဲ့တဲ့ နယူးဇီလန်က မြန်မာတဦးဖြစ်တဲ့ ကိုဆယ်ပြားကို ဒီဗွီဘီက မေးမြန်းထားပါတယ်။ မြန်မာအသင်းက ယူကရိန်းအသင်းကို ရှုံးသွားတဲ့အပေါ် ဘယ်လိုခံစားရလဲ။ “ကျနော်တို့ အမြင်အရ ဒါစိတ်ဓာတ်ပဲ၊ ကျနော်တို့ကတော့ရှုံးခြင်း နိုင်ခြင်းကို အဓိက မထားဘဲနဲ့ ကျနော်တို့ ရင်ထဲမှာ ကျနော်တို့ တိုင်းပြည်က ဒီလောက်အတိုင်းအတာထိ ဒီကမ္ဘာဖလားမှာ ၀င်ရောက် ယှဉ်ပြိုင် နိုင်တဲ့ အခွင့်ရတာကိုက ကျနော်တို့ ဂုဏ်ယူမိပါတယ်။” ကိုယ်တိုင်ကြည့်ခဲ့ရတော့ မြန်မာနဲ့ ယူကရိန်းက တော်တော်ကွာလား။ ဘယ်လိုမြင်လဲ။ “ပထမပိုင်းမှာတော့ မြန်မာနဲ့ ယူကရိန်းမှာ မြန်မာကနေပြီးတော့ တော်တော်လေး ဖိထားနိုင်တယ်။ ဒုတိယပိုင်းကို ရောက်သွားတော့ မြန်မာနဲ့ယူကရိန်းက တဂိုးစ၀င်သွားတဲ့ အချိန်က စလို့ လူက နည်းနည်းလေး အားလျော့လာတဲ့ သဘောရှိတယ်။ ဆိုတော့ ယူကရိန်းက တော်တော်လေး ခြေသာတယ်။” ရှုံးသွားတဲ့အပေါ်ကိုရော ကျေနပ်လား။ “ကျနော်ရဲ့ စိတ်ထဲမှာတော့ ဒီပွဲမှာ ရှုံးသွားတဲ့အပေါ်မှာ ဘောလုံးပွဲရှုံးသွားပေမယ့် ကျနော်တို့ စိတ်ဓာတ်အရတော့နိုင်တယ်လို့ ခံယူနိုင်ပါတယ်။” ပွဲရှုံးသွားပြီးတဲ့အချိန်ကွင်းထဲက မြန်မာပရိသတ်ရဲ့ တုံ့ပြန်မှုက ဘယ်လိုနေလဲ။ “မြန်မာ ပရိသတ်တွေအားလုံးကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ မြန်မာဟေ့ မြန်မာဟေ့ဆိုပြီးတော့ အော်ပြီးတော့ အားပေးပြီးထွက်လာတာပါ။ တယောက်မှ စိတ်ဓာတ်မကျဘူးလို့ ကျနော်မြင်တာပဲ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024