A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆွစ်ဇာလန်တွင် စက်ဘီးမတော်တဆဖြစ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဆွစ်ဇာလန်နိုင်ငံ ရောက်စဉ်  မေ ၃၁ ရက်က  စက်ဘီးစီးရင်း မတော်တဆ ခြေထောက်ကျိုးသွားလို့ အမေရိကန်ပြည်ထောင်စုကို ပြန်သွားခဲ့ရပါတယ်။ ဒါကြောင့် မက်ဒရစ်နဲ့ ပါရီမြို့တော်ဆီ ခရီးဆက်မယ့် အစီအစဉ်တွေကိုလည်း ဖျက်သိမ်း်လိုက်ရပါတယ်။ ပြင်သစ်နယ်စပ် အက်ပ်စ်တောင်တန်းဒေသမှာ စက်ဘီးမတော်တဆဖြစ်ပြီး ညာဘက်ပေါင်ရိုး ကျိုးသွားတဲ့ ဒဏ်ရာဟာ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူးလို့ ဂျွန်ကယ်ရီရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ အမေရိကန်ကို မပြန်ခင် ဂျနီဗာရှိ ဆေးရုံကို တင်ခဲ့ပြီး အခြေအနေ တည်ငြိမ် ကောင်းမွန်ခဲ့ပါတယ်။ ဂျွန်ကယ်ရီဟာ အီရန် နျူကလီးယားကိစ္စနဲ့ ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာအိနဲ့ ဆွေးနွေးဖို့ ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် ဂျွန်ကယ်ရီဟာ  စက်ဘီးစီး ၀ါသနာကြီးသူ ဖြစ်တဲ့အလျောက် နိုင်ငံခြားခရီးစဉ်တွေမှာတောင် သူ့စက်ဘီးကို ယူသွားတတ်ပါတယ်။ တောင်ပေါ်ဒေသမှာ စက်ဘီးမတော်တဆဖြစ်တာ သက်သက်ဖြစ်ပြီး တခြားယာဉ်တွေနဲ့ ပွတ်တိုက်မိတာမျိုးလည်း မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနက အရာရှိတယောက်က ပြောပါတယ်။ ဖြစ်ဖြစ်ချင်းမှာပဲ အရေးပေါ် ရဟတ်ယာဉ်နဲ့ ဆေးရုံကို ပို့ခဲ့ပါတယ်။ အကယ်၍ မတော်တဆ မဖြစ်ခဲ့ရင် ဂျွန်ကယ်ရီဟာ စပိန်နိုင်ငံမြို့တော် မက်ဒရစ်ကို မေ ၃၁ ရက်နေ့မှာ သွားပြီး အဲဒီကနေတဆင့် ပြင်သစ်နိုင်ငံမြို့တော် ပါရီကို ခရီးဆက်ဖို့ စီစဉ်ထားပါတယ်။ ပါရီမှာ အီရတ်ဝန်ကြီးချုပ် အယ်လ် အဘာဒီနဲ့ တွေ့ဆုံတဲ့အခါ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းမယ့် အစီအစဉ်တွေကို ညှိနှိုင်းဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up