A d v e r t i s e m e n t With Us

တိန့်အင်မင်ရင်ပြင် ဆန္ဒပြပွဲ ဖြိုခွင်းခံရမှု အကြိုလမ်းလျှောက်ဆန္ဒပြပွဲ ဟောင်ကောင်တွင်ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
၁၉၈၉ ခုနှစ်က တိန့်အင်မင်ရင်ပြင် ဒီမိုကရေစီဆန္ဒပြပွဲ ဖြိုခွင်းခံရမှု အကြိုလမ်းလျှောက်ဆန္ဒပြပွဲတခုကို မေ ၃၁ ရက်က ဟောင်ဟောင်မြို့လယ် လမ်းမတွေမှာ ကျင်းပခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန် ၄ ရက်နေ့က ပီကင်း တားမြစ်နန်းမြို့ရှေ့ရှိ တိန့်အင်မင်ရင်ပြင်မှာ တရုတ်ကျောင်းသားပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေဟာ အစိုးရရဲ့ ဖြိုခွင်းခံရပြီး ကျောင်းသားတွေ အများအပြား ဖမ်းဆီးခံကြရ၊ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။ မေ ၃၁ ရက်နေ့ ဆန္ဒပြပွဲမှာတော့ ဒီမိုကရေစီဆိုင်းဘုတ်တွေ၊ ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှု အမှတ်လက္ခဏာဖြစ်တဲ့ ထီးဝါတွေကို ကိုင်ဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှိခဲ့ပါတယ်။ ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ တရုတ်အစိုးရကြား နိုင်ငံရေး ဆွေးနွေးပွဲတွေဟာလည်း မေ ၃၁ ရက်နေ့မှာ အဖြေမထွက်ဘဲ ပြီးဆုံးခဲ့ပါတယ်။ ဇွန်လလယ်မှာထုတ်ပြန်မယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဥပဒေကို ဟောင်ကောင် ဒီမိုကရက်တွေကတော့ ဗီတိုအာဏာသုံး ပယ်ချမယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။ ဟောင်ကောင်လွှတ်တော်အမတ်တဖြစ်လဲ ဒီမိုကရေစီအရေး လှုပ်ရှားသူလည်းဖြစ်တဲ့ အမီလီ လျူ (Emily Lau) ကတော့ “တကယ်လို့ ဒီဥပဒေကို ထောက်ခံလိုက်ရင် ဟောင်ကောင်မှာ တကယ်ပဲ လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပခွင့်ရှိတဲ့ပုံစံမျိုး ဖြစ်သွားမှာ ဖြစ်တဲ့အတွက် လုံးဝထောက်ခံလို့ မဖြစ်နိုင်ပါဘူး။ ဟောင်ကောင်ဒီမိုကရေစီ လှုပ်ရှားမှုကတော့ ဆက်ရှိနေမှာပါ။” လို့ ပြောပါတယ်။ ဟောင်ဟောင်မြို့ခံတဦးကလည်း ရွေးကောက်ပွဲကို အကန့်အသတ်နဲ့ ကျင်းပပေးတာဟာ ဟောင်ကောင်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ ပြောပါတယ်။ အဲဒီဆန္ဒပြပွဲအနားမှာပဲ အစိုးရထောက်ခံတဲ့ ဆန္ဒပြပွဲငယ်တခုလည်း ဖြစ်ခဲ့ပါတယ်။ အစိုးရထောက်ခံသူ အငြိမ်းစားတဦးကတော့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ပေးလိုက်ရင် တရုတ်နိုင်ငံဟာ ဆိုဗီယက်လိုပဲ ပြိုကွဲသွားလိမ့်မယ်၊ တိန့်ရှောင်ဖိန်ပြောသလို အေးချမ်းတည်ငြိမ်ရေးက အဓိကအကျဆုံးဖြစ်တယ်လို့ ပြောသွားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင်ဒီမိုကရေစီ ဆန္ဒပြပွဲတွေဟာ တရုတ်အစိုးရကို ထိပ်တိုက်အတွေ့ဆုံး စိန်ခေါ်မှုတွေ ဖြစ်ခဲ့တာပါ။ ဗြိတိသျှကိုလိုနီ ဟောင်ကောင်ကျွန်းကို ဒီမိုကရေစီလွတ်လပ်ခွင့် အပြည့်နဲ့ တနိုင်ငံ စနစ် ၂ မျိုး မူဝါဒနဲ့ ၁၉၉၇ ခုနှစ်က ဗြိတိန်နိုင်ငံကနေ လွှဲပြောင်းရယူခဲ့ပေမယ့် အခုတော့ တရုတ်အစိုးရက ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာဖြစ်တယ်လို့ ပြောဆိုနေတာပါ။

A d v e r t i s e m e n t With Us

More News
Up