Home
ဆောင်းပါး
စံပယ်မြတ်လေး ပင်တိုင်းမွှေး၊ တွေးတွေးမောင်းနီ ညွှန့်တိုင်းစီ၊ ရာသီမေထုန် လနယုန်
မောင်တူး
·
June 1, 2015
နယုန်လ ရိုက်ချုန်းရယ်တဲ့ စည်ပုဇွန်။ ငွေဝန်းစန္ဒာနှင့် ကြယ်ဇေဋ္ဌာယှဉ်ကာပြည့်တယ် ထွန်းသည့်ရောင်ဝှန်။ နွေနယုန် မေထုန်ရက်မှာလ နဘေဘုံ ရေမှုန်တက်ပါလို့ လေဟုန်စက် ထိန့်ထိန့်လွန် ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။ ခါပျော်ရန် စာတော်ပြန်သဘင်ခန်းမှာလ ဆင်မြန်းရန် ရဝေမယ်တို့ ငွေစံပယ် ငုံမြတ်လေးကိုတဲ့ ထုံးမင်မှာ ကုံးဆင်လို့ ရွေးကြလိမ့် မွှေးတဲ့လပဲ။ ။ မြန်မာ့ ဆယ့်နှစ်လရာသီမှာ တန်ခူးက ပထမ၊ ကဆုန်ဟာ ဒုတိယ၊ တတိယနယုန်လ ရောက်ပြီပေါ့။ မြန်မာ့ပြက္ခဒိန် နေ့၊ ရက်၊ လတွေထဲ ဖြစ်ရပ် ဖြစ်စဉ်တွေ၊ ရိုးရာပွဲတော်တွေက လစဉ်လတိုင်း ရှိနေခဲ့တယ်။ အလားတူ နယုန်လမှာလည်း သံဃာတော်တွေနဲ့ သီလရင်တွေကို ရွှေပေလွှာ စာမေးပွဲစစ်တဲ့ စာတော်ပြန်ပွဲတွေ ကျင်းပကြပါတယ်။ လယ်သမားဦးကြီးတွေ လယ်ယာလုပ်ငန်း စတင်တဲ့လ၊ စပါးပျိုးကြဲ ပျိုးထောင်တဲ့လလည်း ဖြစ်ပါတယ်။ ဒီလအတွင်း အဖြစ်အပျက်တွေ စုံစီစွာ ရှိခဲ့သလို မွေးဖွားခဲ့သူ၊ ကွယ်လွန်ခဲ့ရှာသူတွေလည်း အများအပြားပါ။ ဗုဒ္ဓသမိုင်း မဟာဗုဒ္ဓ၀င်မှာ မဟာသမယသုတ်တော်ကြီးကို ဗုဒ္ဓမြတ်စွာဘုရားက နယုန်လပြည့်နေ့မှာ ဟောကြားခဲ့တယ်။ မြန်မာ့သမိုင်းရဲ့ ပထမဆုံးဝန်ကြီးချုပ် သခင်နု (ဦးနု) ရဲ့ မွေးနေ့ဟာ နယုန်လပြည့်နေ့ပါ။ ဒါ့အပြင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးထဲက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကို ဦးဘ၀င်းနဲ့ မိုင်းပွန်စော်ဘွားကြီိး စပ်စံထွန်းတို့ နှစ်ဦးကလည်း နယုန်လမှာပဲ မွေးဖွားခဲ့ကြတာပါ။ ၀မ်းနည်းစရာကတော့ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ဗထူးက နယုန်လဆုတ် ၈ ရက်မှာ ကွယ်လွန်ခဲ့တာပါ။ သမိုင်းဝင် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပခဲ့တဲ့နေ့ဟာလည်း ၁၃၅၂ ခုနှစ် နယုန်လဆန်း ၄ ရက်နေ့ ဖြစ်ပါတယ်။ နယုန်လအတွင်း ထူးခြားချက်တွေက ပြောမကုန်၊ ရေးမဆုံးပါ။ လတ်တလောမှာတော့ နယုန်ဆိုတာဘာလဲ ဆိုတာကို ဖတ်ရှုကြပါတော့။ နယုန်လ မြန်မာတဆယ့်နှစ်လတွင် နယုန်လသည် တတိယလဖြစ်သည်။ ပုဂံခေတ်ထိုး ကျောက်စာတို့တွင် နယုန်ကို နံယုန်ဟု ရေးသည်။ နံမျုန်ဟူသော အရေးအသားကိုမူ အင်းဝခေတ်ထိုး ကျောက်စာအချို့တွင်သာ တွေ့ရသည်။ နယုန်လအကြောင်းကို ဝေါဟာရလိနတ္ထဒီပနီကျမ်းတွင် “နရယုဂ သဒ္ဒါပျက်၍ နယုန်ဖြစ်သည် ယူရန်ရှိ၏။ နရယုဂ အနက်အဓိပ္ပါယ်မှာ၊ မိန်းမယောက်ျားအစုံကို ဆိုလိုသည်” ဟူ၍ ဖော်ပြထားလေသည်။ နယုန်လ၏ ရာသီရုပ်မှာ ယောက်ျား မိန်းမရုပ်များ ဖြစ်သည်။ ထို့ပြင်လည်း နယုန်၏ အနက်အဓိပ္ပါယ်ကို မိုးရွာချိန်၊ မိုးကျချိန်၊ မိုးရွာချိန်လ၊ မိုးကျချိန်လဟူ၍ အကြောင်းယုတ္တိဖြင့် ကြံဆကြသည်လည်းရှိ၏။ နယုန်လကို ဗေဒင်အခေါ်အားဖြင့် မေထုန်ရာသီဟု ခေါ်သည်။ ထိုရာသီတွင် ဇေဋ္ဌနက္ခတ်နှင့် လမင်းသည် ယှဉ်ပြိုင်ကာ မွန်းတည့်၏။ မိဂသီနက္ခတ်နှင့် နေမင်းလည်း ယှဉ်ပြိုင်လေသည်။ ဤကိုရည်၍ ဆယ့်နှစ်လ ရာသီဘွဲ့လူးတား နယုန်လဘွဲ့တွင်... “အာကာပြင်က၊ ကြယ်ဇေဋ္ဌနှင့်၊ တောက်ပရောင်စို၊ ဂြိုဟ်တနင်္လာ၊ ကြွသောခါတွင်၊ တာရာအဿ ၊ ရံဝန်းခ၍၊ ထွန်းပရွှင်လန်း၊ ဥဒေါင်းနန်းလည်း၊ မြန်းရွှေစက်ချီ၊ မိဂသီနှင့်၊ တူညီတကွ၊ မွန်းတည့်ကလည်း၊ ဧကဘ၀ါး၊ မိုးသားထစ်ကျူး၊ ကျေးငှက်မြူးသော်၊ ပွင့်ဖူးရိုးသွယ်၊ စမ္ပယ်မုလေး၊ သင်းပျံ့မွှေး၍” ဟူ၍ ရေးစပ်ထားလေသည်။ နယုန်လ၏ ရာသီပန်းကား စပယ်မြတ်လေးပန်းဖြစ်၏။ နယုန်လတွင် စာတော်ပြန်ပွဲများ ကျင်းပသည်။ ဤသည်တို့ကိုရည်၍ ဖိုးသူတော်ဦးမင်းက... “ရွှေစာတော်ပြန်မေးလို့၊ မြတ်လေးတဲ့စံပယ်၊ မေထုံဆိုရာသီကူး၊ ပွင့်ဖူးဝတ်မှုန်နံ့၊ သင်းပျံ့တော့တယ်၊ ကောင်းကင်လယ်၊ ထက်ဝယ်ဘုံက၊ ဇေဋ္ဌခေါ်ရွှေကြယ်မင်း၊ လင်းတဲ့ချိန်ပ။” ဟူ၍ ရေးစပ်ခဲ့၏။ ဦးအောင်ကြီးကမူ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား နယုန်လဘွဲ့၌ “သာစွလေ။ ။ ညောင်ရေသဘင်၊ ပွဲစဲလျှင်ကား၊ ကောင်းကင်မိုးလ၊ ကြယ်ဇေဋ္ဌနှင့်၊ ပြည်ဝစင်ကြယ်၊ စံပယ်မြတ်လေး၊ ပင်တိုင်းမွှေး၍၊ တွေးတွေးမောင်းနီ၊ ညွှန့်တိုင်းစီ၍၊ ရာသီမေထုန်၊ လနယုန်မူ၊ မြူးခုန်ပျော်ရွှင်၊ မိုဃ်းလုင်လည်း၊ ရွာချင်ခြိမ့်မျှ၊ ရေငန်းပြလျှက်၊ သီလသမ္မာ၊ မြတ်သံဃာတို့၊ သဒ္ဒါရှစ်စုံ၊ သုံးဘုံပိဋကတ်၊ ရုပ်ဓာတ်ပြညွှန်း၊ အခန်းခန်းကို၊ ရွှေနန်းတော်တောင်၊ မြတ်မာရ်အောင်ငယ်၊ မြားမြောင်စုဝေး၊ ဇာမေးသဘင်၊ မွမ်းမွမ်းဖြင်သည်၊ လူရှင်ရပ်ထက်ဝန်းတည့်လေး။ ။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး။” ဟူ၍ စပ်ခဲ့ပေသည်။ မြင်းတာရာထွန်းပသည့် နယုန်လရာသီတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၂၀ ခန့်တွင် နေထွက်၍ ညနေ စက်နာရီ ၆ နာရီ မိနစ် ၄၀ ခန့်တွင် နေ၀င်လေသည်။ မြန်မာနာရီအားဖြင့် နေ့ ၃၄ နာရီရှိ၍ ညဥ့် ၂၆ နာရီရှိ၏။ ဤသို့ရည်၍ ဦးယာက... “တသိန်းငါးသောင်း၊ စက်ပေါင်းအကုန်၊ မေထုန်ရာသီ၊ တိမ်နီတိမ်ပန်း ဆန်းစလေ။ ဒွေးဒေဟချီ၊ သည်ရာသီတွင်၊ နာရီနှစ်ဖြာ၊ နေ့မှာသုံးဆယ်၊ စွန်းကယ်စတု၊ ညဥ့်ဘို့ရှုသော်၊ တွက်စုနှစ်ဆယ်၊ ခြောက်ဝယ်စွန်းကာ။” ဟူ၍ စပ်ဆိုထားသည်။ နယုန်လတွင် တနင်္ဂနွေနှင့် တနင်္လာနေ့များမှာ ပြဿ ဒါးရက်များ ဖြစ်ကြ၍ အင်္ဂါနှင့် ကြာသပတေးနေ့များမှာ ရက်ရာဇာနေ့များ ဖြစ်သည်။ နယုန်လမှာ ရက်မစုံကွယ်သောလ ဖြစ်သောကြောင့် ရက်ပေါင်း ၂၉ ရက်သာရှိသည်။ မြန်မာ့စွယ်စုံကျမ်း၊ စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ်၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း စာအုပ်အတွဲ ၁ ပါ နယုန်လအကြောင်းကို ဖတ်ခဲ့ကြတာပါ။ နယုန်လဖွား အာဇာနည် ခေါင်းဆောင်ကြီး ၂ ဦး အာဇာနည် ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း (၁၉၀၇ - ၁၉၄၇) ၁၂၆၉ ခုနှစ် နယုန်လဆုတ် ၅ ရက်၊ ၁၉၀၇ ခုနှစ် မေလ ၃၀ ရက် ကြာသပတေးနေ့က အဖ မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီး၊ အမိ မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့က မွေးဖွားခဲ့တယ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ တနင်္ဂနွေနေ့ မွန်းတည့် ၁၂ နာရီ ကျဆုံးသွားခဲ့ရတယ်။ စ၀်စံထွန်းဟာ (မိုးမိတ်စော်ဘွားကြီးသမီး) စ၀်ခင်သောင်းနဲ့ ၁၉၃၂ ခုနှစ်မှာ လက်ထပ်ပြီး သမီး စောသုနန္ဒာ၊ သား စ၀်ခိုင်ဖ၊ သမီး စောမြင့်ကြည်တို့ မွေးဖွားခဲ့တယ်။ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘ၀င်း (၁၉၀၁ - ၁၉၄၇) ဗိုလ်ချုပ်အောင်ဆန်း၏ အကို ၁၂၆၃ ခုနှစ်၊ နယုန်လဆုတ် ၁၁ ရက်၊ ၁၉၀၁ ခုနှစ် ဇွန်လ ၁၁ ရက် အင်္ဂါနေ့က အဖ ရှေ့နေ ဦးဖာ၊ အမိ ဒေါ်စုတို့က မကွေးတိုင်း၊ နတ်မောက်မြို့မှာ မွေးဖွားခဲ့တယ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ကျဆုံးခဲ့တာပါ။ ဇနီး ဒေါ်ခင်စောဖြစ်ပြီး မတင်လှဝင်း၊ မောင်စောဝင်း၊ မောင်အေးဝင်း၊ မခင်မြ၀င်း၊ မောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့ ၆ ဦး ထွန်းကားခဲ့ပါတယ်။ နယုန်လဆုတ် ၈ ရက်ကျဆုံးသူ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင် ဗိုလ်မှူးကြီးဗထူး ဗမာ့လွတ်လပ်ရေးသူရဲကောင်း ဖက်ဆစ်တော်လှန်ရေး တပ်မှူး ဗိုလ်မှူးကြီးဗထူးဟာ ၁၃၀၇ ခုနှစ် နယုန်လဆုတ် ၈ ရက် ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်က တောတွင်းစစ်စခန်းမှာ ကျဆုံးခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် ယိုးဒယားကနေ ပြန်အ၀င် ထားဝယ်ရောက်ချိန် ဗိုလ်ဗထူး တပ်ထဲဝင်တယ်။ မန္တလေးအခြေစိုက် အထက်ဗမာပြည်တိုင်းမှူးဘ၀ ၁၉၄၅ ခုနှစ် ဇန်န၀ါရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော် ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ လျှို့ဝှက်စည်းဝေးပြီး ဂျပန်တွေကို မတ် ၂၇ ရက်မှာ တော်လှန်ဖို့ စီစဉ်ရာမှာ ဗိုလ်ဗထူးလည်း ပါခဲ့တယ်။ ဒါပေမယ့် မန္တလေးကိုပြန်ရောက်လို့ သတ်မှတ်ရက်မတိုင်မီ မတ်လ ၈ ရက်နေ့မှာ အခြေအနေအရ ဂျပန်ကို စစ်ကြေညာပြီး စတိုက်ပါတယ်။ မတ်လ ၂၇ ရက်မှာ တပြည်လုံး ဂျပန်တော်လှန်ရေး စတယ်။ ဗိုလ်ဗထူးကို ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးရာထူး တိုးမြှင့်ပေးခဲ့ပေမယ် ရာထူးကို လက်ခံမသွားနိုင်ခဲ့ဘူး။ ၁၉၅၃ နိုဝင်ဘာလမှာ ရှမ်းပြည်နယ်မှာ ဗထူးတပ်မြို့ တည်ပေးပြီး သူ့ကိုဂုဏ်ပြုခဲ့တယ်။ နယုန်လပြည့်ဖွား မြန်မာ့ပထမဆုံးဝန်ကြီးချုပ် ဦးနု ခေါ် သခင်နု မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်၊ ဆဋ္ဌသင်္ဂါယနာ တင်နိုင်သူ၊ မြန်မာ့လွတ်လပ်ရေးစာချုပ် လက်မှတ်ရေးထိုးသူ၊ နဂါးနီစာအုပ်တိုက် တည်ထောင်သူ၊ ကျောင်းသားခေါင်းဆောင်၊ စာအုပ်ပေါင်းများစွာ ပြုစုရေးသားခဲ့သူ ဦးနုဟာ ၁၂၆၉ ခုနှစ်၊ နယုန်လပြည့် ၂၅ မေ ၁၉၀၇ စနေနေ့ မွေးဖွားခဲ့သူပါ။ သူဟာ ဖေဖော်ဝါရီလ ၁၄ ရက်၊ ၁၉၉၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၅၆ ခုနှစ်၊ တပို့တွဲလပြည့် အင်္ဂါနေ့မှာ ကွယ်လွန်ပါတယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ (၁၃၅၂ ခုနှစ်၊ နယုန်လဆန်း ၄ ရက်) သမိုင်းဝင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်ဟာ နယုန်လဆန်း ၄ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၅၂ ခုနှစ် တနင်္ဂနွေနေ့ ဖြစ်ပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးအပြီး အာဏာသိမ်း န၀တခေါင်းဆောင်တွေရဲ့ ကတိစကားအရ ၉၀ ရွေးကောက်ပွဲ လုပ်ခဲ့ပေမယ့် ရလဒ်ကို အကောင်အထည် မဖော်ခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ တန်ခူးသင်းထုံ ညောင်ကဆုန် နယုန်စာပြန်ပွဲ နယုန်လမှာ စာပြန်ပွဲတော်တွေ ကျင်းပကြပါတယ်။ ၁၂ လရာသီပွဲတော်တွေအကြောင်း ငယ်ငယ်က အခုလို ကဗျာကလေးတွေ အော်ဆိုခဲ့ကြဘူးတယ်။ တန်ခူးလသင်္ကြန်ပွဲ ကဆုန်လ ညောင်ရေသွန်းပွဲ နယုန်လ စာပြန်ပွဲ ၀ါဆိုလ ၀ါဆိုပွဲ ၀ါခေါင်လ စာရေးတံမဲပွဲ တော်သလင်းလ လှေပြိုင်ပွဲ သီတင်းကျွတ်လ မီးထွန်းပွဲ တန်ဆောင်မုန်းလ ကထိန်ပွဲ နတ်တော်လ စာဆိုတော်ပွဲ ပြာသိုလ မြင်းခင်းပွဲ တပို့တွဲလ ထမနဲပွဲ တပေါင်းလ တပေါင်းပွဲ မနှစ်က ၁၃၇၆ ခုနှစ် ရှမ်းပြည်နယ်လုံးဆိုင်ရာ ၀ိနယာဒိနုဂ္ဂဟ (၈၃) ကြိမ်မြောက် စာပြန်ပွဲတော်ကို နယုန်လဆန်း ၁၂ ရက်နေ့က နယုန်လဆုတ် ၅ ရက်ထိ ညောင်ရွှေမြို့၌ ကျင်းပခဲ့ပါတယ်။ နယုန်လပြည့် မဟာသမယနေ့ မဟာ = ကြီးမြတ်သော၊ သမယ = အချိန်အခါကာလ (Special Great Occation) လို့ ကမ္ဘာ့သာသနာပြု ရဟန်းတော်တွေက ဟောပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၇ ခုနှစ်၊ နယုန်လပြည့်နေ့မှာ မြောက်မြားလှတဲ့ ပရိသတ်တွေကို ကပိလ၀တ်ပြည်အနီး မဟာဝုန်တောအတွင်း မဟာသမယသုတ်ကို ဟောကြားခဲ့ပါတယ်။ စစ်ဖြစ်လုနီး ရေလုပွဲနဲ့ ငြိမ်းချမ်းရေးတရား ဘုရားဖြစ်ပြီး စတုတ္ထဝါအရောက် မဇ္ဈိမဒေသမှာ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းတွေ ရောဟဏီမြစ်ရေကို လုကြတယ်။ နှစ်ဘက်တပ်တွေ ဆိုင်ထားပြီး ထိတွေ့မှုဖြစ်လု အခြေအနေမှာ ဘုရားကြွလာပြီး ငြိမ်းချမ်းရေးတရားဟောတယ်။ စစ်ပြေငြိမ်းလိုက်ပြီး နှစ်ဘက်တပ်တွေက တပ်မှူးတပ်သားပေါင်း ၅၀၀ တို့ဟာ ရဟန်းပြု ကြတယ်။ ရဟန်း ၅၀၀ ကို ကပိလဝတ်ပြည်အနီး၊ မဟာဝုန်တောဆီ ဘုရားက ခေါ်သွားတယ်။ ရောက်တဲ့အခါသမယ နောက်ထပ်ရောက်လာကြတဲ့ နတ်၊ ဗြဟ္မာ၊ ပရိသတ် အမြောက်အမြားကိုပါ ဗုဒ္ဓက မဟာသမယသုတ်တော်ကြီးကို ဟောတော်မူခဲ့တယ်။ ဒါကြောင့် ဒေဝတာပီယ “နတ်တို့ချစ်ခင် မေတ္တာဝင်၊ သုတ်တွင် မဟာသမယ” လို့လည်း ပြောကြတာပါ။ ဒီလို မဟာသမယသုတ်တော်ကြီးကို ဟောပြောခဲ့တဲ့ နယုန်လပြည့်ကို မဟာသယနေ့လို့ ခေါ်ကြပါတယ်။ ဒါကြောင့် နယုန်လပြည့်နေ့ရဲ့ ထူးခြားတာတွေထဲမှာ ရေလုပွဲကနေ နှစ်ပြည်ထောင် တိုက်ပွဲတွေ ဖြစ်ကြတော့မယ့် အန္တရာယ်ကနေ ရှောင်ဖယ်ပြီး ငြိမ်းချမ်းရေး ရသွားကြတာဟာ ထင်ရှားပါတယ်။ မဟာသမယနေ့မှာ နယုန်မိုးသေး မြက်သားမွေး ဆိုသလို မိုးသံ လေသံတွေနဲ့အတူ နတ်စည်သံတွေလို ဂျုန်းဂျိမ်းညံနေတဲ့ သေနတ်သံ၊ ဗုံးသံတွေကြား မငြိမ်းချမ်းသေးတဲ့ နေရာတွေဆီ အတိုက်အခိုက်တွေ ရပ်ပါစေကြောင်း မဟာသမယသုတ်တော် ရွတ်ဆိုလိုက်ရပါတယ်။ ။ ကိုးကား ၁။ အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ မဟာသမယသုတ် ပါဋ္ဌ်နိသယ ဓမ္မဒါနဆုတောင်း၊ လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ ၂။ မြန်မာဆယ့်နှစ်လအကြောင်း။ မောင်ထင် ၃။ ၀ီရဓမ္မ ဘလော့ဂ် http://www.wiradhamma.com/2012/06/blog-post_04.html ၄။ မြန်မာ့စွယ်စုံကျမ်း၊ စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ်၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း စာအုပ် အတွဲ ၁
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024