A d v e r t i s e m e n t With Us

ထိုင်းဘုရင် ဆေးရုံပြန်လည် တက်ရောက်

သက်တော် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် ဘူမီဘော အဒူလျာဒက်ဟာ မေ ၃၁ ရက်နေ့ ညနေပိုင်းက မြို့တော် ဘန်ကောက်ရှိဆေးရုံကို ပြန်လည်တက်ရောက်နေပါတယ်။ ပုံမှန် ဆေးစစ်မှုခံယူဖို့ ဆေးရုံကို ပြန်လည်သွားရောက်တာလို့ နန်းတော်က ထုတ်ပြန်ပေမယ့် ဆေးရုံကနေ ဘယ်တော့ ပြန်ဆင်းမယ်၊ ဆေးရုံမှာ ဘယ်လောက် ကြာမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဘန်ကောက်မြို့တော်တောင်ပိုင်းရှိ ဟွာဟင်းမြို့မှာရှိတဲ့ နန်းတော်မှာ ၃ ပတ်ကြာ စံမြန်းခဲ့ပြီး Siriraj ဆေးရုံကို ပြန်လည်တက်ရောက်တာလည်း ဖြစ်ပါတယ်။ ထိုင်းဘုရင် ဘူမီဘောဟာ ကမ္ဘာ့ထီးနန်းသက်အရှည်ကြာဆုံးဘုရင်ဖြစ်ပြီး ၁၉၄၆ ခုနှစ် နောင်တော် အာနန္ဒာ မဟီဒိုးလ်ဘုရင် နတ်ရွာစံပြီးနောက် ထီးနန်းဆက်ခံခဲ့တာ ဖြစ်ပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်အရ ဘုရင်ကြီးဟာ နိုင်ငံရေးမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှုတော့ မရှိပေမယ့် ထိုင်းပြည်သူလူထုရဲ့ အထူးလေးစားကြည်ညိုခံရသူ၊ နိုင်ငံစည်းလုံးညီညွတ်ရေးရဲ့ အဓိကမဏ္ဍိုင်လို့ ထိုင်းပြည်သူအများက ယုံကြည်လက်ခံထားကြတာပါ။ ဘုရင်ကြီးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆေးရုံ မကြာခဏ တက်ရောက်ခဲ့ရပြီး နောက်ဆုံးတခေါက်မှာတော့ ကျောက်ကပ်ခွဲစိတ်မှုခံယူရင်း  ဘန်ကောက်မြို့တော်ရှိ Siriraj ဆေးရုံမှာ ၇ လ  ကြာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up