Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ကို အကျိုးရှိစွာသုံးသည့် ရွှေ့ပြောင်းအလုပ်သမားကြောင့် ထိုင်းရဲအတု ဖမ်းမိ
DVB
·
June 1, 2015
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက လူမှုကွန်ရက် ဖေ့ဘုတ်စ်စာ မျက်နှာကို အကျိုးရှိစွာ အသုံးချခဲ့တာကြောင့် ထိုင်းရဲအတု ၂ ဦးကို ဖမ်းဆီး ရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ မိမိကိုယ်မိမိ ထိုင်းရဲလို့ပြောဆိုပြီး ရွှေ့ပြောင်းအလုပ်သမားတွေပေါ် လိမ်လည်ငွေတောင်းနေတဲ့ ထိုင်းလူမျိုး ၂ ဦးကို ဖေ့စ်ဘုတ်ဗွီဒီယိုကလစ်ကနေတဆင့် စုံစမ်းရှာဖွေရာမှာ မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းမိုင်မြို့မရဲစခန်း စခန်းမှူး ၀ိရယုဒ်ပဆုပ်ချုတ်ချိုင်း က သတင်းထောက်တွေကို ပြောပါတယ်။ ဒီမတိုင်ခင်က ရွှေ့ပြောင်းအလုပ်သမား စိုင်းဆိုင်ဝမ်းဦး ဆိုသူဟာ ချင်းမိုင်မြို့ ၀ပ်ကစ်ရပ်ကွက် မယ့်ပင်းမြစ်ကူး သံတံတားနားမှာ ထိုင်းရဲဆိုသူလူ ၂ ဦးရဲ့ တားဆီးစစ်ဆေးမှုကို ခံခဲ့ရပြီး သူ့ကို အကြောင်းအမျိုးမျိုးပြ ငွေညှစ်စဉ် သူက တယ်လီဖုန်းနဲ့ ဗွီဒီယို ရိုက်ကူးထားကြောင်း၊ ဗွီဒီယို ရိုက်မှန်းသိတဲ့အတွက် ရဲဆိုသူက သူ့ကိုပါ ရိုက်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ စိုင်းဆိုင်ဝမ်းဦးဟာ သူရိုက်ထားတဲ့ ဗွီဒီယိုကလစ်ကို Hsaiwanoo ဆိုတဲ့ သူ့ကိုယ်ပိုင် ဖေ့စ်စာ မျက်နှာပေါ်တင်လိုက်ရာမှာ ထပ်ဆင့်ဝေငှသူပေါင်း ၆၀၀ ကျော်ကနေ ပြန့်နှံ့သွားပြီး ထိုင်းရဲကို လည်း ပြစ်တင်ရှုတ်ချကြတဲ့အတွက် ရဲတပ်ဖွဲ့က သူ့ကိုပါ စုံစမ်းခေါ်ယူစစ်မေးပြီး တရားခံ ၂ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရဲအတုအယောင် ၂ ဦးမှာ နိုင်းဝရန်းဆိုင်ကျိုင်(၂၈) နှစ် နဲ့ နိုင်းဆဒ်ဒီးဆယမ် (၂၃) နှစ်တို့ ဖြစ်ကြပြီး ယခင်က စေတနာ့ဝန်ထမ်းထိုင်းရဲတပ်ဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ကြောင်း၊ အကျင့်စာရိတ္တ မကောင်းတဲ့အတွက် အဖွဲ့က ထုတ်ပယ်ခံထားရတာကြာပြီဖြစ်ကြောင်း၊ လက်ရှိ သူတို့ကို မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး လိမ်လည်မှု၊ တာဝန်ဝတ္တရားမရှိဘဲ နိုင်ငံ့ဝန်ထမ်း ၀တ်စုံ ၀တ်ဆင်မှု၊ ခွင့်ပြုချက်မရဘဲ ရေဒီယိုစကားပြောစက် ကိုင်တွယ် အသုံးပြုမှုတွေနဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024