A d v e r t i s e m e n t With Us

အီးယူခေါင်းဆောင် ၈၉ ဦးကို ရုရှားပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်

ရုရှားနိုင်ငံက  ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင် ၈၉ ဦးကို ရုရှားပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ပါတယ်။ အခုလိုလုပ်ဆောင်လိုက်တာကြောင့် ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဆက်ဆံရေး မပြေမလည်ဖြစ်နေတဲ့ ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးကို ပိုမိုထိခိုက်ရလို့ အီးယူနိုင်ငံတွေက အမျက်ထွက်ခဲ့ကြပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအမည်စာရင်းကို ကောက်ခံခဲ့ပြီး ဒီတပတ်ထဲမှာပဲ အီးယူကိုယ်စားလှယ်တွေကို ပေးအပ်ခဲ့တာပါ။ ရုရှားနိုင်ငံကို ပြောင်ပြောင်တင်းတင်းဝေဖန်သူ အီးယူခေါင်းဆောင်တွေ၊ အဆင့်မြင့်လုံခြုံရေးအာဏာပိုင်တွေ ပါဝင်ပါတယ်။ မကြာခင် ဂျာမန်ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကဲလ်ရဲ့ နိုင်ငံခြားရေးအကြံပေးဖြစ်လာမယ့် လက်ရှိ အီးယူကောင်စီအထွေထွေအတွင်းရေးမှူး၊ အရင်ဗြိတိန်ဒုတိယ၀န်ကြီးချုပ်ဟောင်း နခ် ကလက်ခ်ျ (Nick Clegg)၊ အရင်ဘယ်ဂျီယံဝန်ကြီးချုပ်ဟောင်းတို့ပါဝင်ပြီး လက်ရှိနဲ့အရင် အီးယူနိုင်ငံတွေရဲ့ ၀န်ကြီးတွေလည်း ပါဝင်ကြပါတယ်။ အီးယူနိုင်ငံခြားရေးဌာနပြောခွင့်ရကလည်း ပြီးခဲ့တဲ့လတွေအတွင်း အီးယူခေါင်းဆောင် အတော်များများကို ရုရှားနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်လာခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက ယူကရိုင်းပိုင် ခရိုင်းမီးယာသိမ်းပိုက်ခံရပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ရုရှားနိုင်ငံကို စီးပွားရေးပိတ်ဆို့တာ၊ အဆင့်မြင့်ရုရှားအာဏာပိုင်တွေကို ဗီဇာပိတ်ပင်တာနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာတွေလုပ်ခဲ့တာပါ။ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ သူပုန်တွေနဲ့ ယူကရိန်းအစိုးရကြား တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပြီး လူ ၆၂၀၀ ကျော် သေဆုံးခဲ့ကြပါတယ်။ အဲ့ဒီ ယူကရိန်းပြည်တွင်းစစ်မှာ ရုရှားနိုင်ငံက နောက်ကွယ်က ပါဝင်ပတ်သက်တယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကို ရုရှားအစိုးရက အမြဲငြင်းဆန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up