A d v e r t i s e m e n t With Us

လှေစီးဒုက္ခသည် ရှာရန် အမေရိကန် ထောက်လှမ်းရေး လေယာဉ် ထိုင်း ပျံသန်းခွင့်ပြု

ပင်လယ်ထဲ မျောပါနေတဲ့ လှေစီးဒုက္ခသည်တွေကို ကူညီရှာဖွေဖို့ အမေရိကန် လေကြောင်း ထောက်လှမ်းရေး လေယာဉ်တွေကို ထိုင်းပိုင်နက်ထဲ ပျံသန်းခွင့် ပြုလိုက်ပြီလို့ မေ ၂၉ ရက် က ထိုင်း ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာနာဆက် ပါတီမက်ပရာဂွန်က မီဒီယာတွေကို ပြောပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်း လုပ်ငန်းစဉ်တွေကို နိုင်ငံတော် လုံခြုံရေးကို ကြီးကြပ်နေတဲ့ ဒုဝန်ကြီးချုပ်က နှုတ်နဲ့ ထောက်ခံပေးထားပြီးတော့ အမေရိကန် သံရုံးယာယီတာဝန်ခံ မာဖှီ ပက်ထရစ်နဲ့လဲ အတည်ပြု ပြောဆိုထားပါတယ် လို့ သတင်းကွန်ဖရင့် အကြိုအစည်းအဝေးမှာ ပြောပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့အစည်း (IOM)ရဲ့ အချက်အလက်တွေအရ လူပေါင်း ၂၆၀၀ ကို တင်ဆောင်ထားတဲ့ လှေ ၇ စီးကျော်ကျော်ဟာ ပင်လယ်ထဲမှာ ရှိနေဦးမယ်လို့ ယူဆထားပါတယ်။ ထိုင်းနိုင်ငံကတော့ အက်ဒမန်ပင်လယ်ပြင်မှာ ရှာဖွေရေးလုပ်ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေ ပံ့ပိုးပေးဖို့ မေ ၂၆ ရက် မှာ လုပ်ငန်းဌာနတစ်ခု ဖွင့်လှစ်ထားပါတယ်။ ထိုင်း-မြန်မာ ၂ နိုင်ငံကြားက နိုင်ငံတကာ ရေပိုင်နက်မှာ လေကြောင်း၊ လေကြောင်း ကင်းလှည့်စောင့်ကြည့်ဖို့ အတွက် ရေတပ်သင်္ဘော ၇ စီး၊ ကင်းလှည့်ရေယာဉ်ငယ် ၄ စီး၊ ရဟတ်ယာဉ် ၂ စီး၊ လေယာဉ် ၂ စီးတို့ကို ဖူးခက်ရေနက်ဆိပ်ကမ်းကနေ စေလွှတ်ထားပါတယ်။ လောလောဆယ်မှာ ခန့်မှန်းခြေ လူ ၆၀၀ လောက် ဆန့်မယ့် ယာယီခိုလှုံရေးစခန်းတွေကိုလဲ လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ဒုက္ခသည် ၁ သိန်း ၃ သောင်းလောက် ရှိပီး အသစ်ထပ်ရောက်လာတဲ့ လှေစီးဒုက္ခသည်က ၆၀၀ လောက် ရှိပါတယ်။ သူတို့ကို စေလွှတ်မယ့် နောက်ထပ်တစ်နေရာရာကို သွားရတဲ့အထိ စောင့်ဆိုင်းနေဖို့အတွက် ယာယီထိန်းသိမ်းရေးနေရာတစ်ခုမှာ ရှိနေ မှာ ဖြစ်ပီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားစာတွေလိုမျိုး လူသားချင်းစာနာတဲ့ အကူအညီတွေ ဖြည့်ဆည်းပေးသွားမှာပါလို့လဲ ထိုင်းဝန်ကြီးချူပ် က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up