ဒီပဲယင်းမှာ ဆယ့်နှစ်နှစ်ကြာ ကျောက်စာတခု ထွင်းထု ကဗျာဆရာ

၂၀၀၃ ခုနှစ် မေလ ၃၀ ရက် သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံမှုကြီးဟာ ၁၂ နှစ် မြောက်ပါပြီ။ ဒီပဲယင်းအကြမ်းဖက်မှုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ် ယာဉ်တန်းကြီး မုံရွာမြို့ကနေ ရေဦးမြို့ကိုအသွား ၂၀၀၃ မေ ၃၀ ညဦးပိုင်း (၈ နာရီ အချိန်လောက်) ဒီပဲယင်းမြို့အဝင် ကြည်ရွာမှာ စနစ်တကျ စီမံပြင်ဆင်ထားပြီး လမ်းလျှောက် စကားပြောစက်တွေ၊ မှန်လုံကား အကြီးကြီးတွေနဲ့လာကြတဲ့ လူအုပ်ကြီးက ရိုက်နှက် သတ်ဖြတ်ခဲ့ကြတာပါ။ အခု ၁၂ နှစ်တိုင် ရိုက်နှက်သတ်ဖြတ်သူတွေကို အရေးမယူသေး။ ဒါပေမယ့် အရိုက်ခံရသူတွေကိုတော့ န၀တစစ်အစိုးရက ဖမ်းဆီးပြီး ထောင်ချထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီနဲ့ ရိုက်နှက်သူတွေ လက်ကနေ လွတ်မြောက်ခဲ့ပေမယ့် ရေဦးအရောက်မှာ အဖမ်းခံခဲ့ရပါတယ်။ သူမကို အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့ပြီး နောက်ပိုင်း အကျယ်ချုပ်ပြောင်းလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကြီးအတွင်း အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်တွေ၊ ၀န်းရံပြည်သူတွေ သေကျေ ဒဏ်ရာရရှိခဲ့ပါတယ်။ မြန်မာစစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာတောင် လူ ၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် န၀တစစ်အစိုးရက အမှုမှန် ပေါ်ပေါက်ရေး ဖော်ထုတ် အရေးယူမပေးတဲ့အပြင် အဖွဲ့ချုပ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို နှစ်ကြာရှည် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားခဲ့ပါတယ်။ ဒီပဲယင်းအကြမ်းဖက်မှုကြီးအတွင်း သူတို့ကို စွမ်းအားရှင်တွေက ရိုက်နှက်ခဲ့ကြောင်း ကိုယ်တိုင်အရိုက်ခံခဲ့ရသူ ဒေါ်ညွန့်ညွန့်က ပြောပါတယ်။ ဒေါ်ညွန့်ညွန့်က “ကျမတို့ကို ရိုက်တဲ့သူတွေက ငါတို့စွမ်းအားအဖွဲ့တွေကွ၊ လမ်းဖောက်၊ တံတားဆောက်နေတာကွ။ ကုလားမယား စုကြည်အဖွဲ့တွေ နားမလည်ဘူးလားဆိုပြီး ပြောဆို ကျမတို့ကို ရိုက်နှက်ခဲ့ပါတယ်။” လို့ ပြောပြခဲ့ပါတယ်။ ဒေါ်ညွန့်ညွန့်ဟာ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးယာဉ်တန်းမှာ ပါဝင်ခဲ့သူပါ။ ဒီပဲယင်းအကြမ်းဖက်မှု ဖြစ်ပြီးတာနဲ့ သတင်းဟာ မြန်ပြည်အနှံ့ ကမ္ဘာပြန့်သွားပါတယ်။ ကြားရသူတိုင်း ဘ၀င်မချမ်း၊ မရွှင်မလန်း ဖြစ်ကြရတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာသံရုံးတွေရှေ့ သွားအော်ကြပါတော့တယ်။ ဆန္ဒတွေ အသီးသီးပြကြတယ်။ အဲသည်အချိန်က အခုလို ပြည်တွင်းမှာ ဆန္ဒပြပွဲတွေ လုပ်ခွင့်မရှိပါ။ လုပ်ရင် ပိုပိုပြီး နာကြမှာပါ။ စစ်အစိုးရခေတ်မို့ အခုလို ဒို့အရေးလုပ်လို့ မရကြပါ။ ဒါပေမယ့် ကဗျာတွေတော့ ရေးခဲ့ကြပါတယ်။ ဒီပဲယင်း အကြမ်းဖက် မကျေမနပ်မှုတွေဟာ ကဗျာတွေ ဖြစ်ခဲ့ကြတယ်။ ဒီပဲယင်းကျောက်စာ ကြယ်တွေ အားလုံး ချုံးပွဲချ လမင်းမျက်လုံး...အဖောက်ခံရတဲ့ည၊ မိစ္ဆာမာန်ဖီ စစ်သွေးကြွ သွေးစွန်းဓားတွေ အရောင်သ မိုးချုန်းသံတွေ ကိုယ်ထင်ပြ နှလုံးသားတွေကို ယစ်ပူဇော်တဲ့ည၊ သူရဲကောင်းတွေ ကျောတွေ ဖြန့်ခင်းကြ အမှောင်ထုကို လက်ဆင့်ကမ်းကာကြ အရိုးတွေကို မီးမြှိုက် အလင်းပေးကြ အလင်းအတွက် အသက်တွေ ရင်းတဲ့ည။ ပန်းတွေ သွေးနံ့ထောင်းထောင်းထ စမ်းတွေ စီးရင်းခမ်းခြောက်ရ အံကြိတ်ရင်းနဲ့ နှုတ်ခမ်းတွေ ပြတ်တဲ့ည။ ထိုက်သူနိုင် မြန်မာနိုင်ငံသမိုင်းမှာ စစ်အာဏာရှင်တို့ရဲ့ အရုပ်ဆိုး အကျည်းတန် လုပ်ရပ်များစွာထဲက ထင်ရှားတဲ့ သွေးစွန်းလုပ်ရပ်တခုကို ထုတ်ပြပါလို့ ပြောလာခဲ့ရင် အထက်ဗမာပြည်၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ ကြည်ရွာအနီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူပြည်သားတွေကို လမိုက်ညတညရဲ့ ညဦးမှာ တဖက်သတ် ခြုံခိုတိုက်ခိုက် ရိုက်နှက်သတ်ဖြတ် လုပ်ကြံခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကိုသာ ထုတ်ပြရပါမယ်။ သမိုင်းဟာ ဖျောက်မရ ဖျက်မရပါ။ ဒီအကြောင်းကို ကဗျာဆရာ ထိုက်သူနိုင်က ကျောက်စာတချပ် ထွင်းသလိုပဲ ဒဂုန်တာရာ၊ သုခမိန်လှိုင်ကဗျာ၊ မင်္ဂလာဈေးမီးနဲ့ ဂြိုဟ်တုသတင်းများ ခေါင်းစဉ်နဲ့ ကဗျာရေးခဲ့သူ ကွယ်လွန်သူ ရဲဘော်လှသန်း ခေါ် ကဗျာဆရာ ကြည်မောင်သန်းကလည်း ဒီပဲယင်းကဗျာ (ဒီပရင်္ဂ)ကို မွေးထုတ်ခဲ့ပါတယ်။ ဒီပရင်္ဂ (ကြည်မောင်သန်း) ပုံပြင်ထဲက မြို့လည်း မဟုတ် ဒဏ္ဍာရီထဲက မြို့လည်း မဟုတ် ရာဇဝင်ထဲက မြို့တမြို့ ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းကရှိတဲ့ မြို့တမြို့ သမိုင်းဝင် မြို့တမြို့။ ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း မြောက်ဘက်အရပ်အရောက် အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။ အရှေ့မှာ ဧရာဝတီ အနောက်မှာ ချင်းတွင်း မနီးဝေးမှာ မူးမြစ်နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။ သာသနိက အဆာက်အအုံတွေ ပေါများ ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။ အလောင်းဘုရား လက်ထက်မှာ အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။ ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ စစ်သူကြီး မဟာဗန္ဓုလ မုံတိုင်ပင် ဆရာအရှင်ဝံသ အတုလဆရာတော် အရှင်ယသ မြသိန်းတန် ဆရာတော် အရှင်ဇိန အယူတော်မင်္ဂလာ ဦးနိုး လယ်တီဆရာတော် ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။ ဒီမြို့မှာ မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့ ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်။ ဒီမြို့ကနေ ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။ ဒီလိုနဲ့ ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။ ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်။ ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။ ဒီမြို့မှာ အမျိုးသမီးတစ်ယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်။ ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။ တနေ့တော့ မိုးနည်းတဲ့ ဒီဒေသ ဆောင်းတွင်းအခါ သမယမှာ မိုးရွာဖို့ မဆိုထားနဲ့ မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့် ရုတ်တရက် မိုးကြီးရွာချလိုက်တယ်။ ဆင်ခြေရာတွေတောင် တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့ အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။ မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။ ကြည်မောင်သန်း ၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ လူကြီးလူငယ်တချို့  အသက်ဘေး လက်မတင်လေး လွတ်မြောက်ခဲ့တာက အဆိုးထဲက အကောင်းပါ။ အပြစ်မဲ့ လက်နက်မဲ့ပြည်သူတွေ သေပွဲဝင်ခဲ့ရတဲ့ သေရာပါ ဒဏ်ရာတွေ ရခဲ့တဲ့ သွေးစွန်းနေ့  ဒီပဲယင်းနေ့ မေလ ၃၀ နေ့ ရောက်တိုင်း အမှတ်တရပွဲတွေ ကျင်းပကြပါတယ်။ ဒီလိုနဲ့ အညာဒေသ ရာဇ၀င်မှာလဲ ထင်ရှားတဲ့ မြို့တမြို့တိုးလာရတယ်ပေါ့။ အညာသမိုင်းထဲက မြို့တမြို့ အဲဒီမြို့မှာ ကျောက်စာတခု ကဗျာဆရာတဦ်း ထွင်းထုခဲ့တယ်။ + အဲဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ကြ၊ သစ္စာဖောက်တွေ အတောင်ပေါက်ကြ၊ လူငယ်လေးတယောက် သူ့ ဆိုင်ကယ် ကျပျောက်ခဲ့ရ၊ အမျိုးသမီးတယောက် သေကံမရောက်၊ သက်မပျောက်ဖြစ်ခဲ့ရ၊ အံကြိတ်ရ တောက်ခေါက်ရ အဖြစ်အပျက်တွေထဲ ကဗျာဆရာတယောက်လည်း ကြေကွဲထိရှ ပေါက်ကွဲခဲ့ရ။ ++ လေးဆယ့်ငါးဖွား မိန်းမသားကို တရားစောင့်ရှောက်ခဲ့တာကို။ နှစ်ထောင့်သုံး မေသုံးဆယ် လွတ်တော်မူခန်း။ ဇာတ်လမ်းအဆက် ကြည်ရွာထက်မှာ၊ တရက်ရုံတင်နိုင်ပေလိမ့်။ မောင်လွမ်းဏီ ၆-၆-၀၉ + ထိုက်သူနိုင်ရဲ့ ဒီပဲယင်းကျောက်စာ ++ ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ အခုဆိုရင် ဒီပဲယင်း သွေးမြေကျမှုကြီး ဖြစ်ခဲ့တာ ၁၂ နှစ်ကြာခဲ့ပြီ။ တရားခံတွေကတော့ လွတ်နေဆဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ န၀တစစ်အစိုးရလက်ချက်ဖြစ်တယ်လို့ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ စွပ်စွဲနေကြပေမယ့် သက်သေခိုင်လုံတာတော့ မရှိပါ။ ဒါဆို တရားခံ ရှာမရတော့ပြီလား။ ရေစုန်မြောရတော့မှာလား။ ၀န်ခံသူကလည်း မရှိ။ ကိုယ်တိုင် ခံခဲ့ရသူတွေကလည်း သတင်းဌာနတွေကို ရင်ဖွင့်ကြ၊ သတင်း၊ ဆောင်းပါး၊ အင်တာဗျူးတွေ ထုတ်လွှင့်ကြ။ ဒါတွေပဲ လုပ်နိုင်ခဲ့ကြပါတယ်။ ဒီလို ဒီပဲယင်းသတင်းတွေအထဲမှာ ဒီပဲယင်း တရားခံကို ခန့်မှန်းလို့ ရနိုင်ချေရှိတဲ့ သတင်းတပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းကတော့ ဒီပဲယင်းလုပ်ကြံမှု စီစဉ်ညွှန်ကြားသူကို ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ပြောပြီ ဆိုတဲ့သတင်းပါ။ စောင့်ကြည့်သတင်းဂျာနယ်မှာ ဖော်ပြထားတာပါ။ ဒီပဲယင်းမှာ နအဖခေါင်းဆောင် (ဗိုလ်ချုပ်ကြီးဟောင်း) ဦးခင်ညွန့်က ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်အတွင်း ဒီပဲယင်းအကြောင်း သူ့ အတွေ့အကြုံအပိုင်းကို ကူးယူဖော်ပြပေးလိုက်ပါတယ်။                                                               ဆ ကျွန်တော်နှင့် ဒီပဲယင်း အရေးအခင်း အခန်း အကြောင်းအရာ ၂၆။ ဒီပဲယင်းအဖြစ်အပျက်နှင့် ကျွန်တော် အခန်း ၂၆ ဒီပဲယင်းအဖြစ်အပျက်နှင့် ကျွန်တော် ဒီအဖြစ်အပျက်နဲ့ ပတ်သက်၍ ကျွန်တော် မသိပါဟု ပြောလျှင် ကျွန်တော် လိမ်ရာ ရောက်ပါမည်။ ကျွန်တော်က အတွင်းရေးမှူး (၁) ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ် ဖြစ်တာကြောင့် ကျွန်တော် မသိ၍မဖြစ် သိပါသည်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေး မော်တော်ဆိုင်ကယ် အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေသည့်အချိန် ဖြစ်ပါသည်။ ဒီလို အုတ်အော်သောင်းနင်း ဖြစ်ပေါ်နေသည့်အချိန်ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်နေတာကတော့ အမှန်ဖြစ်ပါသည်။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှ ထွက်ခွာပြီး လမ်းတလျှောက် စည်းရုံးရေးတရားတွေ ဟောရင်းနဲ့ မုံရွာမြို့လည်းရောက်ရော ဥက္ကဋ္ဌက ကျနော်တို့လူကြီးပိုင်း ၅ ယောက်၊ ၆ ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျနော်တို့ လူလည်းစုံရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီး ရမယ်လို့ ပြောပါတယ်။ ထိုအချိန်တွင် ကျနော်ကပဲ အကြမ်းဖက်တားဆီးတာမျိုး မလုပ်သင့် ကြောင်း ပြောသောအခါ ကျနော်တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲ့ဒါကလည်း ကျနော်အတွက် ကောင်းသည်ဟု မြင်ပါသည်။ ဒီမှာတင်ပဲ ဒီကိစ္စနဲ့ ပတ်သက်၍ ကျနော်ကို လုံးဝ တာဝန်မပေးတော့ပဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ကို လိုက်ပါစေပါသည်။ ကျွန်တော့်မှာလည်း တာဝန်ရှိပါသည် ထိုအချိန်က တိုင်းမှူးကတော့ ဗိုလ်မှုးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျနော် သိနေရတာ အမှန်ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ဒီဖြစ်စဉ်ကြီး တခုလုံးမှာ ကျနော် ဦးဆောင်ပါဝင်ရခြင်း မဟုတ်သော်ငြားလည်း ကျနော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်တယောက် ဖြစ်တာကြောင့် ကျနော်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း၊ အသိပေးခြင်းဖြင့် လုပ်ငန်းတခုကို အကောင်အထည်ဖော်ရတာ ဖြစ်သောကြောင့် ဘယ်လို ကိစ္စရပ်မျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာသည့် အကြောင်းတရားနဲ့ အကျိုးဆက်များအပေါ်မှာ အစိုးရအဖွဲ့ဝင် အားလုံးမှာ တာဝန်ရှိကြတာပါပဲ။ အားလုံးက တာဝန်ခံကြရမှာ ဖြစ်ပါတယ်ဟူ၍ ပြောလိုပါတယ်။ အထက်စာသားတွေကတော့ မှော်ဝန်းသား ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)ရေးတဲ့ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ စာအုပ်ပါ ဒီပဲယင်းအကြောင်း ကူးယူဖော်ပြချက် ဖြစ်ပါတယ်။ ဘာပဲပြောပြော ၂၀၀၃ ခုနှစ် မေလ ၃၀ ရက် သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံမှုကြီးကတော့ ၁၂ နှစ် မြောက်ပါပြီ။ ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up