A d v e r t i s e m e n t With Us

အဂတိလိုက်စားမှုဖြင့် တရုတ်အရာရှိဟောင်းတဦး အမေရိကန်ထိန်းသိမ်း

ဓာတ်ပုံ - ရိုက်တာ
အဂတိလိုက်စားမှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ တိမ်းရှောင်နေတဲ့ တရုတ်အစိုးရ အဆင့်မြင့် အာဏာပိုင်ဟောင်းတဦးကို ထိန်းသိမ်းလိုက်တယ်လို့ အမေရိကန် လူဝင်မှုနဲ့ အကောက်ခွန်ဌာနက မေလ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ထိန်းသိမ်းခံရသူ ရန်ဇီဝွေး (Yang Xiuzhu) ဟာ အရင်က နိုင်ငံအရှေ့ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ ဇီးကျန်း (Zhejiang) ပြည်နယ်မှာ ဆောက်လုပ်ရေးစီမံကိန်းတွေကို ခန့်ခွဲခွင့်ရခဲ့သူ ဖြစ်ပါတယ်။ အစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စီမံချက်နဲ့ ရှာဖွေခံရချိန် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကို အရင်ထွက်ခွာခဲ့တာပါ။ အဲ့ဒီမှာ အမည်ပြောင်းလဲခဲ့ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို ထွက်ခွာခဲ့တာလို့ ဆိုပါတယ်။ တရုတ်အစိုးရဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို လတ်တလော အရှိန်အဟုန် တိုးမြှင့်နေတာပါ။ အမေရိကန်နိုင်ငံမှာ တိမ်းရှောင်နေတဲ့ အဂတိလိုက်စားမှုနဲ့ အလိုရှိသူတွေကို ပြည်တော်ပြန်ပို့ရေး အစိုးရ ၂ ရပ် သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ အဲ့ဒီအစီအစဉ် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ တရုတ်အစိုးရက အမေရိကန်အစိုးရကို တောင်းဆိုခဲ့အပြီး ရန်ဇီဝွေး အခုလို ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။ သူ့ကိုဖမ်းဆီးဖို့ တရုတ်အစိုးရက နိုင်ငံတကာရဲတပ်ဖွဲ့ကတဆင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး သူ အမေရိကန်နိုင်ငံထဲကို ဘယ်လိုဝင်ရောက်လာတယ်၊ သူ့ကို ဘယ်လိုထိန်းသိမ်းနိုင်ခဲ့တယ် ဆိုတဲ့ အသေးစိတ်တော့ မသိရသေးပါဘူး။ လောလောဆယ် သူ့ကို နယူးဂျာဆီပြည်နယ်၊ ဟတ်ဆန်ကောင်းတီးထောင်မှာ ထိန်းသိမ်းထားပါတယ်။ အမေရိကန်နိုင်ငံမှာ တိမ်းရှောင်နေတဲ့ အကျင့်ပျက်ခြစားသူ အဆင့်မြင့် တရုတ်အာဏာပိုင် ၁၅၀ ကျော်ရှိတယ်လို့ တရုတ်အစိုးရက ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up