Home
မြန်မာသတင်း
မြန်မာပြည်လူဦးရေ ၅၁ သန်းခွဲခန့်ရှိ၊ အမျိုးသမီးအရေအတွက် ပိုများ
DVB
·
May 29, 2015
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ သန်းခွဲနီးပါးရှိပြီး  တ၀က်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ မေလ ၂၉ ရက်နေ့ထုတ်ပြန်တဲ့ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မရလဒ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ z7ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (ယူအန်ပီအက်ဖ်) နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းကောက်ယူ ခဲ့တဲ့ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အပြီးသတ် အစီရင်ခံစာကို မေလ ၂၉ ရက်နေ့က နေပြည်တော်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လူဦးရေဟာ သန်း ၆၀ ရှိတယ်လို့ အရင်က ခန့်မှန်းခဲ့ကြပေမယ့် ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ ရှိနေကြတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁,၄၈၆,၂၅၃ ရှိတယ်လို့ သိရပါတယ်။ ဒီအထဲမှာ အမျိုးသားဦးရေက ၂၄,၈၂၄,၅၈၆၊  ရာခိုင်နှုန်းအားဖြင့်  ၄၈ ဒသမ ၂၂  ရာခိုင်နှုန်းရှိပြီး အမျိုးသမီးဦးရေကတော့ ၂၆,၆၆၁,၆၆၇၊ ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်း ရှိပါတယ်။ မြန်မာတွေရဲ့ သက်တမ်းမှာလည်း အမျိုးသမီးက အမျိုးသားထက် အသက်ပိုရှည်တာတွေ့ရပြီး အမျိုးသားက မျှော်မှန်းသက်တမ်း ၆၃ ဒသမ ၉ နှစ်ရှိပြီး  အမျိုးသမီးက ၆၉ ဒသမ ၉ နှစ်ရှိပါတယ်။ အသက်အရွယ်အလိုက် လူဦးရေရာခိုင်နှုန်းတွေကတော့ အသက် ၁၄ နှစ်အောက် အရွယ်မရောက်သေးတဲ့ ကလေးအရေအတွက် ၂၈ ဒသမ ၆ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အတွက် လူဦးရေ ၅ ဒသမ ၈ ရာခိုင်နှုန်းနဲ့ အသက် ၁၅ နှစ်နဲ့ ၆၄ နှစ်အကြား အလုပ်လုပ်နိုင်သူ ဦးရေက ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ z10မသန်စွမ်းသူဦးရေကတော့ ၂,၃၁၁,၂၅၀ ရှိပြီး မျက်မမြင်ဦးရေ ၁,၂၄၉,၇၃၇ နဲ့ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာလူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာ နေထိုင်ကြပြီး မြို့ပြလူဦးရေကတော့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ သန်းခေါင်စာရင်း အချက်အလက်အရ ရန်ကုန်တိုင်းမှာ လူဦးရေ ၇ ဒသမ ၃၆ သန်းနဲ့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၆ ဒသမ ၁၈ သန်း၊ မန္တလေးတိုင်းက ၆  ဒသမ ၁၆  သန်း၊ ရှမ်းပြည်နယ်မှာ ၅ ဒသမ ၈၂ သန်း၊ စစ်ကိုင်းတိုင်းမှာ ၅ ဒသမ ၃၂ သန်း၊ မကွေးတိုင်းမှာ ၃ ဒသမ ၉ သန်း၊ နေပြည်တော်ကောင်စီမှာ ၁ ဒသမ ၁၆ သန်းနဲ့ တနင်္သာရီတိုင်းမှာ ၁ ဒသမ ၄၀ သန်းရှိပါတယ်။ လူဦးရေ အနည်းဆုံး ဒေသတွေဖြစ်တဲ့ ကယားပြည်နယ်မှာ ၀ ဒသမ ၂၈ သန်း၊ ချင်းပြည်နယ်မှာ ၀ ဒသမ ၄၇ သန်း၊ မွန်ပြည်နယ်မှာ ၂ ဒသမ ၀၅ သန်း၊ ရခိုင်ပြည်နယ်မှာ ၂ ဒသမ ၀၉ သန်း၊ ကရင်ပြည်နယ်မှာ ၁ ဒသမ ၅ သန်းရှိပြီး ကချင်ပြည်နယ်မှာ ၁ ဒသမ ၆၄ သန်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ မတ်လ ၂၉ ရက်ကနေ ဧပြီလ ၁၀ ရက်နေ့ထိ နိုင်ငံတ၀န်းမှာ ပြည်လုံးကျွတ် သန်းခေါင်းစာရင်းတွေ ကောက်ယူခဲ့တာဖြစ်ပြီး ကနဦးအဆင့် ရရှိထားတဲ့ ရှေ့ပြေးလူဦးရေ စာရင်း အစီရင်ခံစာကိုတော့ ပြီးခဲ့တဲ့နှစ်  သြဂုတ်လ ၂၉ ရက်နေ့က ကြေညာခဲ့ရာမှာ မြန်မာ နိုင်ငံရဲ့ လူဦးရေဟာ ၅၁,၄၁၉,၄၂၀ ရှိတယ်လို့ ခန့်မှန်းခဲ့တာပါ။ ဒါဟာ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်က မြန်မာနိုင်ငံမှာရှိခဲ့တဲ့ လူဦးရေ စာရင်းထက် ၄၆ ရာခိုင်နှုန်း ပိုများလာတာလည်း ဖြစ်ပါတယ်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ရခိုင်ပြည်နယ်က ဒေသတချို့၊ ကချင်ပြည်နယ်က ကျေးရွာပေါင်း ၉၇ ရွာနဲ့ ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့နယ်အတွင်း ကျေးရွာတွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024