A d v e r t i s e m e n t With Us

ငွေစက္ကူအစား ငွေကတ်သုံးမည့်အဆို ဒိန်းမတ်ပြည်သူများ ဆန့်ကျင်

ငွေစက္ကူအစား ငွေကတ်တွေကို ပြောင်းလဲသုံးစွဲဖို့ ဒိန်းမတ်အစိုးရရဲ့ အဆိုပြု တိုက်တွန်းချက်ကို ဒိန်းမတ်ပြည်သူတွေက ဆန့်ကျင်နေကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေပိုပြီး အဆင်ပြေချောမွေ့အောင်၊ ၀န်ဆောင်ခနဲ့ ကုန်ကျစရိတ်သက်သာအောင်၊ အ၀တ်အထည်စတိုးဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကနေစပြီး အီလက်ထရောနစ်ငွေကတ်တွေနဲ့ ပြောင်းလဲလက်ခံဖို့ ဒိန်းမတ်အစိုးရက အဆိုပြုထားတာပါ။ ဒါပေမယ့် အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်စားပွဲထိုးတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ ဒီအစီအစဉ်ကို လက်မခံကြပါဘူး။ ကိုပင်ဟေဂင် (Copenhagen) မြို့တော် လမ်းဘေးဆိုင်ပိုင်ရှင်တဦးကတော့ ငွေကတ်တွေဟာ ပိုလုံခြုံမှုရှိတာ မှန်ပေမယ့် လက်ထဲမှာ ပိုက်ဆံရှိနေတာ အခွန်ကိစ္စ၊ ဘဏ်ကိစ္စတွေ သိစရာမလိုပဲ ပိုပြီးစိတ်လုံခြုံမှုရှိတယ်လို့ ပြောဆိုပါတယ်။ စားသောက်ဆိုင်နဲ့ အရက်ဘားစားပွဲထိုးတွေကလည်း တကယ်လို့ ငွေကတ်တွေသုံးလိုက်ရင် သူတို့ရဲ့ ၀င်ငွေကို ထိခိုက်မှာဖြစ်ပြီး စားသောက်ဆိုင်စီးပွားရေးတခုလုံး ရပ်ဆိုင်းသွားနိုင်တယ်လို့ ပြောဆိုပါတယ်။ ဒိန်းမတ်လွှတ်တော်ရဲ့ အတည်ပြုချက်မရသေးပေမယ့် တကယ်လို့ အတည်ဖြစ်သွားခဲ့ရင်တော့ လာမယ့် ၂၀၁၆ ဇန်န၀ါရီလစပြီး လက်လီဆိုင်တွေကနေ စပြီး အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ သက်ကြီးရွယ်အိုတွေကတော့ နည်းပညာနဲ့ရော ကတ်တွေနဲ့ပါ အကျွမ်းတ၀င်မရှိတာတွေကြောင့် ဒီအစီအစဉ် သိပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒိန်းမတ်ပြည်သူ ၅.၆ သန်းရဲ့ ၃ ချိုး ၁ ချိုးဟာ ငွေကတ်တွေကို ငွေစက္ကူအစား သုံးစွဲနေကြပြီး အီးယူနိုင်ငံတွေထဲမှာ လူဦးရေအချိုးအစားအရ ငွေကတ်သုံးစွဲသူ အများဆုံး နိုင်ငံဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up