A d v e r t i s e m e n t With Us

မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးက အရေးပါဆုံးပဲ- ဦးကိုကိုကြီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) တို့က နိုင်ငံရေးပူးတွဲကြေညာစာတမ်းကို ဒီကနေ့ ထုတ်ပြန်ပါတယ်။ စာတမ်းမှာ အဓိကအားဖြင့် ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲဆိုင်ရာဆိုပြီး သဘောထား လေးချက်ပါရှိပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ အဲဒီလိုဖြစ်စေဖို့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းလိုက်နာဆောင်ရွက်ဖို့၊ သတ်မှတ်အချိန်ဇယားအတိုင်းကျင်းပဖို့၊ စံထားလေးစားလောက်တဲ့ နိုင်ငံတကာ ရွေးကောက်ပွဲအကဲခတ်တွေကို လေ့လာခွင့်ပြုဖို့၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးကို ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုဖို့နဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ အဆင့်ဆင့်များ ဘက်လိုက်မှုကင်းစွာဖြင့် ကြီးကြပ်ဆောင်ရွက်ဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ အခြေခံကျတဲ့ပြဿ နာတွေကို ဖြေရှင်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ တိုင်းရင်းသားတွေ လိုလားတောင်းဆိုနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်မှသာရမယ်လို့ ဖော်ပြပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လွှတ်တော်မှာ ကော်မတီတွေဖွဲ့ဆောင်ရွက်ခဲ့သလို၂၀၁၅ ခုနှစ် မေလ မှာ လူထုဆန်ဒခံယူပွဲကျင်းပဖို့ လွှတ်တော်က ကြေညာပေမယ့် ရုပ်လုံးမပေါ်လာတာကို ထောက်ပြဝေဖန်ထားပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြား တပြည်လုံးအပစ်ရပ်စဲရေးသဘောတူချက် (မူကြမ်း) ရရှိတဲ့အပေါ် ကြိုဆိုသလို တိုက်ပွဲအရှိန်လျော့ချဖို့၊ အပစ်ရပ်စာချုပ်ချုပ်ဆိုဖို့၊ နိုင်ငံရေးမူဘောင်ရေးဆွဲခြင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ထွန်းဖို့ လိုအပ်တယ်လို ဖော်ပြပါတယ်။ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေးအတွက် လှေကားထစ်တခုအဖြစ် တင်စားဖော်ပြပြီး ဒီဆွေးနွေးပွဲတွေကို မပြတ်လုပ်ခြင်းကြောင့် ဖွဲ့စည်းပုံပြင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြပါတယ်။ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံပြင်ရေးကို ရွေးကောက်ပွဲနည်းလမ်း အပါအ၀င် လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်ဖို့၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေအတွက် တိုင်းရင်းသား အင်အားစုတွေနဲ့ အတူ လက်တွဲ ဆောင်ရွက်မယ်လို့ ဖော်ပြပါတယ်။ ပူးတွဲကြေညာချက်နဲ့ပတ်သက်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့က ဦးကိုကိုကြီးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ မြန်မာ့ပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဘယ်လောက်အရေးပါသလဲ။ “ဘယ်လောက်အရေးပါလဲဆိုတော့ အရေးပါဆုံးလို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၆၀ ကျော်ကြာတဲ့ ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ဖို့ကလည်း ဒီဖွဲ့စည်းပုံကို ပြင်မှဖြစ်မယ်။ နောက်တခုက ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ပတ်သက်လို့ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး ကိစ္စ၊ နောက် အများပြည်သူရဲ့လွတ်လပ်ခွင့်၊ နိုင်ငံသားအခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ကိစ္စ အဲဒါတွေအားလုံးရဲ့အခြေခံက ဒီဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ထိပ်တန်းဦးစားပေးလုပ်ရမယ့်ကိစ္စလို့ မြင်ပါတယ်။” ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) တို့က လူထုလက်မှတ် ၅ သန်း ကောက်ယူပြီး လွှတ်တော်ကိုတင်ပြခဲ့တယ်။ လွှတ်တော်က လူထုဆန္ဒခံယူပွဲက မေလမှာလုပ်မယ်ဆိုပေမယ့် မဖြစ်လာဘူး။ အခု ဒုတိယအကြိမ် ပူးတွဲပြီး လွှတ်တော်တွင်းလွှတ်တော်ပမှာ ကြိုးပမ်းမယ်ဆိုတာ ထုတ်ပြန်ပါတယ်။ ဘယ်လိုနည်းလမ်းတွေကို ဆောင်ရွက်မှာပါလဲ။ “အရင်ဆုံးက လွှတ်တော်တွင်း လွှတ်တော်ပဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောက်ဖို့ လိုမယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကြေညာချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရွေးကောက်ပွဲနည်းလမ်း အပါအ၀င် လွှတ်တော်တွင်း၊ လွှတ်တော်ပ ပူးပေါင်းဆောင်ရွက်သွားမယ်၊ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတော့ ရွေးကောက်ပွဲဟာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နည်းလမ်းတခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာခင် လာမယ့် ၅ လမှာ ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲဟာ လွှတ်တော်အသစ်၊ အစိုးရအသစ်နဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်ကို ပေါ်ပေါက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲ နည်းလမ်းအပါအ၀င်လို့ သုံးနှုန်းထားတာ။ နောက်တခုက လွှတ်တော်တွင်း လွှတ်တော်ပလို့ ဆိုတဲ့နေရာမှာ လက်ရှိ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုယ်နှိုက်က လွှတ်တော်ပပါ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်က တကယ်လို့သာ နိုင်ငံရေးအရ ကိုယ်စားပြုမှု ပြည့်စုံတဲ့ လွှတ်တော်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြဿ နာတွေအားလုံးကို လွှတ်တော်မှာပဲ ဆွေးနွေးဖြေရှင်းရမယ်။ အခုတော့ ဥပဒေပြုအာဏာတရားဝင်မရှိတဲ့ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုပါ ခြောက်ပွင့်ဆိုင်ထဲမှာ ထည့်သွင်းဆွေးနွေးနေရတယ်ဆိုတာ ကိုယ်နှိုက်က ဒါလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးဖြစ်စဉ်တခုပဲလို့ သုံးသပ်လို့ရတယ်။ နောက်တခုက အပစ်အခတ်ရပ်စဲရေးသည်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲဖြစ်စဉ်ဟာလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးဖြစ်စဉ်ပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခုနကပြောခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေ၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရေး၊ အစိုးရနဲ့ တပ်မတော်နဲ့ ဆွေးနွေးရေး။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအချင်းချင်း ကြားထဲမှာ ဆွေးနွေးရေးတွေဟာလည်းပဲ ဒါဟာ လွှတ်တော်တွင်း၊ လွှတ်တော်ပ ဖြစ်စဉ်တွေရဲ့ ပုံသဏ္ဌာန်အသီးသီးပဲဖြစ်ပါတယ်။” လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ အများပြည်သူစိတ်ဝင်စားနေတယ်။ နိုင်ငံတကာလည်း စိတ်ဝင်စားနေတယ်။ ပူးတွဲကြေညာချက်မှာလည်း ရွေးကောက်ပွဲ မရွှေ့ဖို့ ပြောနေတာ၊ အရင်ကတည်းက ပြောနေတာတွေလည်းရှိပါတယ်။ ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ ဘာကြောင့် အရေးပါရတာလဲ။ “ကျနော်တို့ နိုင်ငံရေးဖြစ်စဉ်မှာ ခေါင်းဆောင်တွေရဲ့အပိုင်းနဲ့ ပြည်သူတွေရဲ့အပိုင်းဆိုပြီး ၂ ပိုင်းရှိပါတယ်။ အဲဒီတော့ ပြည်သူတွေအပိုင်းက တဦးတယောက်ချင်း၊ နိုင်ငံသား တဦးတယောက်ချင်း ကိုယ်ပါဝင်ဆောင်ရွက်နိုင်တဲ့ ပုံသဏ္ဌာန်ဟာ ရွေးကောက်ပွဲဖြစ်စဉ်ပါ။ ဒါကြောင့် ပြည်သူတဦးတယောက်ချင်း၊ နိုင်ငံသား တဦးတယောက်ချင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ ရွေးကောက်ပွဲကို ကျနော်တို့က အရေးပါတဲ့ ဖြစ်စဉ်တခုအဖြစ် ဒီရွေးကောက်ပွဲ လွတ်လပ်သန့်ရှင်းမျှတမှု၊ နောက် ပုံမှန် အချိန်မှန်ကျင်းပဖို့ ဒါတွေကို ကျနော်တို့ မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။” ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကစလို့ အောက်ခြေအဆင့်ဆင့် ရွေေးကာက်ပွဲ ကော်မရှင်တွေ ဖွဲ့စည်းထားရှိမှု ပကတိအခြေအနေဟာ အများပြည်သူက တရားမျှတပါ့မလားလို့ သံသယ၀င်နေကြပါတယ်။ ဒီအခြေအနေကို ပြောင်းလဲနိုင်မလား။ ဘယ်လိုမျိုး ပြောင်းလဲကြမလဲ။ “ကျနော်တို့က ကျနော်တို့ယုံကြည်တဲ့ နှုန်းစံတွေနဲ့ပြောမယ်ဆိုရင်တော့ အားနည်းချက်တွေ အများကြီးရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်ဟာ အများပြည်သူ လေးစားယုံကြည်တဲ့၊ ဘက်မလိုက်တဲ့၊ သမာသမ္မတ်ကျတဲ့ အစရှိသဖြင့် ဒီနှုန်းစံတွေ ကျနော်တို့လည်း မျှော်လင့်တယ်၊ ကျနော်တို့လည်း တောင်းဆိုတယ်။ ဒါပေမယ့် တချိန်တည်းမှာ လက်ရှိရှိနေတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ တချိန်က တပ်မတော်အရာရှိ အကြီးအကဲတွေ၊ နောက် တပ်မတော်က ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံရေးပါတီကြီးရဲ့ အကြီးအကဲတွေဖြစ်နေတယ်ဆိုတာက ဒါကလည်း မငြင်းနိုင်တဲ့ အရှိတရားပဲ။ သို့သော် တချိန်တည်းမှာ ကျနော်တို့ နိုင်ငံသားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကလည်းပဲ ဒီရွေးကောက်ပွဲ မသမာမှုတွေကို စောင့်ကြည့်လေ့လာတာ၊ ဖော်ထုတ်တာတွေကို ဆောင်ရွက်သွားရင်တော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတခုတော့ ဖြစ်လာနိုင်တယ်။ အထူးသဖြင့်တော့ မြို့ကြီးပြကြီးတွေမှာပေါ့။ ဒါပေမယ့် ကျနော်တို့ လက်လှမ်းမမီတဲ့ အစွန်အဖျားဒေသတွေရဲ့ အခြေအနေတွေကိုတော့ ကျနော်တို့ စိုးရိမ်စရာတွေရှိပါတယ်။ အဲဒီတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာက နိုင်ငံရေးပါတီတွေဟာ တယောက်နဲ့တယောက် မျှတတဲ့၊ တန်းတူယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်းမျိုးတွေလည်း ရှိဖို့လိုပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တဲ့ကိစ္စတွေ ရှိတယ်လို့ မြင်ပါတယ်။" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်း-ပွင့်) ဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်မှာတူတယ်။ အလားတူပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပါတီတွေ အကုန်လုံးနီးပါးလောက် ကလည်း ဒီရည်မှန်းချက်ပဲ။ သမ္မတဦးသိန်းစိန်ကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သဘောတူတယ်။ ဆိုတော့ နှစ်ပေါင်းခြောက်ဆယ်ကြာ ပြည်တွင်းစစ်ဖြစ်တဲ့ မြန်မာပြည်ဟာ အခုလက်ရှိအချိန်ဟာ ဆုံချက်ကိုရောက်ပြီလို့ ပြောနိုင်ပြီလား။ “အရင်ဆုံးပြောရင်တော့ ဒီမိုကရေစီရရှိရေး ဒို့အရေးလို့ပြောတဲ့လူတွေအားလုံးထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီပြီးတော့ နေခဲ့ကြရတယ်။ အရင်အစိုးရလက်ထက်က ဒီမိုကရေစီ တောင်းဆိုတာ ကိုပဲ မြေပေါ်မြေအောက် အဖျက်သမားတွေတို့၊ ပြည်တွင်းပြည်ပ အစရှိသဖြင့် စွပ်စွဲလာရာ ကနေပြီးတော့ အခု လွှတ်တော်နဲ့ အစိုးရတာဝန်ရှိသူတွေက သူတို့ကိုယ်နှိုက်က ဒီမိုကရေစီကို ကျယ်ကျယ်လောင်လောင် ပြောလာတယ်ပေါ့။ နောက်တခုက တချိန်လုံး ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုပြိုကွဲတာပဲ၊ ခွဲထွက်တော့မယ်လို့ တလျောက်လုံးစွပ်စွဲလာခဲ့ရကနေ အခု ဖက်ဒရယ်ဆိုတဲ့အသုံးအနှုန်းကို လက်ခံလာတယ်။ ဒါကတော့ အခေါ်အဝေါ်အားဖြင့် သုံးစွဲလာတာ၊ လက်ခံလာတာဟာ တိုးတက်တဲ့လက္ခဏာလို့ ပြောလို့ရတယ်။ သို့သော် လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ အစဉ်အလာအားဖြင့် လက်နက်ကိုင် အဖွဲ့အစည်းဆိုတာက လုံခြုံရေးရှုထောင့်ကပဲ အမြဲတမ်း ချဉ်းကပ်တယ်၊ သုံးသပ်လေ့ရှိတယ်။ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်း ဒီမိုကရေစီအင်အားစုတွေက လွတ်လပ်ခွင့်ရှုထောင့်ကနေပြီးတော့ ကျနော်တို့က ချဉ်းကပ်တယ်။ အဲဒီကွာဟမှုကတော့ အခုချိန်ထိ ကြီးကြီးမားမားရှိနေတယ်။ ဒါကြောင့်မို့လို့ အခေါ်အဝေါ်တွေကို လက်ခံရုံနဲ့ မလုံလောက်ဘူး။ လက်တွေ့အကောင်အထည်ပေါ်ဖို့အတွက်ကတော့ တဖက်က စဉ်းစားပုံ၊ တွေးခေါ်ပုံတွေကအစ ပြုပြင်ပြောင်းလဲဖို့လိုမယ်လို့ အဲလို မြင်ပါတယ်။” အဖွဲ့ငယ်တချို့ ခြွင်းချက်အားဖြင့် ရှိပေမယ့် တပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးဖို့က အရင်ကထက်စာရင် နီးလာသယောင်ရှိတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ နောက်လဆန်းဆိုရင် လက်မှတ်ထိုး၊ မထိုး တိုင်းရင်းသားထိပ်သီးတွေ ဆုံးဖြတ်ကြဖွယ်ရှိတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က လက်ရှိကာလထက် ပိုမိုချောမွေ့အောင် အစိုးရဘက်နဲ့ တိုင်းရင်းသားဘက်တွေက ဘာတွေ လုပ်နိုင်မယ်လို့ ကြားကနေပြီးတော့ စောင့်ကြည့်သူတယောက်အနေနဲ့ မြင်ရလဲခင်ဗျ။ “ပြောရရင်တော့ ကျနော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ကျနော်တို့ကိုယ်တိုင် ထဲထဲဝင်ဝင် ဦးဆောင်ပြီး ဆောင်ရွက်နေတာတွေရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာရော၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတာ။ နောက်ပြီး အစိုးရဘက်ပေါ့ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ထိတွေ့ဆွေးနွေးတာတွေ ဘက်အသီးသီးနဲ့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ကတော့ အနိမ့်ဆုံးအဆင့်ကတော့ ၁ ဖက်နဲ့ ၁ ဖက် မတူကွဲပြားမှုတွေကို အသိအမှတ်ပြုဖို့၊ ဒါအရေးကြီးပါတယ်။ ပြီးတော့မှ တူညီနိုင်တဲ့ အနိမ့်ဆုံးတူညီနိုင်တဲ့ အချက်တွေကို ရှာဖွေပြီးတော့ အဲဒီဟာတွေကို ခိုင်မာအောင်အရင် လုပ်ဖို့လိုတယ်။ ပြီးတော့မှ ကွာဟမှုတွေကို နည်းပါးလာအောင် လျှော့ချဖို့ဖြစ်စဉ်တွေကို ကျနော်တို့ ဆက်ဆောင်ရွက်ရ မယ်လို့ ကျနော်တို့ အဲလိုပဲမြင်ပါတယ်။ ဘယ်ဖက်ကမှ ကိုယ်လိုချင်တာတွေအားလုံးကို တထိုင်တည်းမရနိုင်ဘူးလို့မြင်ပါတယ်။ ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းဖို့ တိကျတဲ့ နိုင်ငံရေးအာမခံချက်လိုတယ်ဆိုတာကို နည်းနည်းအကျယ်ချဲ့ပြောပြပါလား။ ဘယ်လိုအာမခံချက်မျိုးလဲ။ “အဓိကက နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနဲ့ဖြေရှင်းနိုင်တယ်ဆိုတာကို သက်သေပြဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်တဲ့၊ လက်မခံနိုင်တဲ့ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လွှတ်တော်ပြင်ပမှာရှိနေဆဲပဲ။ ဒါပေမယ့် တချိန်တည်းမှာ လွှတ်တော်တွင်းမှာ ပါဝင်ဆောင်ရွက်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်ကို လွှတ်တော်ထဲကနေ ရယူဆောင်ရွက်နိုင်တယ်၊ ဖြေရှင်းနိုင်တယ်ဆိုတဲ့ နမူနာကောင်းတွေ မပြနိုင်ရင် ဒီလွှတ်တော်လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ဟိုဘက်ကလည်း ယုံကြည်မှာမဟုတ်ဘူး။ အဲဒီတော့ ကျနော်က မြင်တာကတော့ တဖက်က မယုံကြည်နိုင်သေးတဲ့ အတောအတွင်းမှာ လွှတ်တော်ပြင်ပ ဆွေးနွေးပွဲတွေကိုလည်း ရပ်တန့်မသွားဘဲနဲ့ ဆက်တိုက်ပေါ့ ကျင်းပနေဖို့ လိုတယ်။ တချိန်တည်းမှာ လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးကို လွှတ်တော်ထဲမှာ အကောင်အထည်ပေါ်တယ်ဆိုတဲ့ ရလဒ်တွေ၊ ပြယုဂ်တွေကိုလည်းပဲ အစိုးရဘက်၊ လောလောဆယ်အနိုင်ရပါတီ တပ်မတော်ကျောထောက်နောက်ခံပေးထားတဲ့ ပါတီကြီးရော၊ တပ်မတော်ကရော ဒါတွေကို သက်သေပြဖို့လိုတယ်။ မဟုတ်ရင်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလွှတ်တော်လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲက ဆောင်ရွက်တဲ့ ဖြစ်စဉ်အပေါ်မှာ သံသယ ကြီးကြီးမားမား ဆက်ရှိနေဦးမှာပဲလို့ အဲလို မြင်တာပေါ့။” အခု သမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည် စသူတွေပါတဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲက သင်္ကြန်မတိုင်ခင်က တကြိမ်လုပ်တယ်။ သင်္ကြန်ပြီးရင် ထပ်လုပ်မယ်ဆိုပေမယ့် တလကျော်လာပြီ မဖြစ်ဘူး။ အဲဒီ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကနေ ဘယ်လောက်ထိအောင် မျှော်လင့်လဲ။ “အရေးကြီးတာက ကျနော်တို့နိုင်ငံမှာ လူထုကနေတဆင့် ရွေးကောက်ပွဲကနေ သွားတယ်ဆိုတာဟာ လွှတ်တော်တခုပဲရှိတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင်က လွှတ်တော်ကတဆင့် ရွေးချယ်တင်မြှောက်တာဖြစ်တယ်။ အဲဒါကြောင့်မို့ လွှတ်တော်ဟာ အမြင့်ဆုံး ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းပဲ။ အဲဒီတော့ ကျနော်တို့က လွှတ်တော်က ဆုံးဖြတ်ချက် ၆ ပွင့်ဆိုင်ဆိုတာကို အစိုးရအပါအ၀င် ကျန်တဲ့ အစိုးရဌာနဆိုင်ရာအသီးသီးပေါ့။ ၀န်ထမ်းအသီးသီး၊ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေအားလုံးက လက်ခံရမယ်။ ဒါက သီအိုရီအရ မူအရ ကျနော်က ပြောတာ။ အဲဒီဟာကလည်း ဒီလက်ရှိလွှတ်တော်သက်တမ်းအတောအတွင်းအတွက် ဆောင်ရွက်တာဖြစ်တယ်။ လွှတ်တော်အသစ်ပြောင်းသွားရင် ၆ ပွင့်ဆိုင်ဆိုတဲ့ပုံစံလည်း ပြောင်းသွားနိုင်တယ်။ ဒါကြောင့်မို့လို့ အခုလောလောဆယ်မှာတော့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို လက်ခံပြီးတော့ စဉ်ဆက်မပြတ် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွေကို ကျင်းပပါ။ ပြီးလို့ရှိရင် အဲဒီကနေပြီးတော့ ကိုယ်စားပြုမှု ဒီထက်အားကောင်းအောင် တိုးချဲ့တာတို့၊ နောက် လတ်တလော ဖြေရှင်းနိုင်တဲ့ သဘောတူညီနိုင်တဲ့အချက်တွေကို ရှာဖွေတာတို့တွေကို ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ ပူးတွဲကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်းအပါအ၀င် ကြိုးပမ်းမယ်ဆိုတာ နှစ်ဖွဲ့စလုံးအနေနဲ့ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့သဘောလို့ နားလည်နိုင်လား။ အဲလိုမျိုးပြောနိုင်လား။ “ကျနော်တို့က ဒါကို နည်းလမ်းတခုအဖြစ် သုံးသပ်ထားတယ်။ ရွေးကောက်ပွဲကို။ ဘာလို့လည်းဆိုတော့ အခြားနည်းလမ်းတွေလည်း ရှိနိုင်တယ်။ ရွေးကောက်ပွဲဆိုတာကတော့ အများပြည်သူ တဦးချင်း၊ နိုင်ငံသားတဦးချင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီရွေးကောက်ပွဲကို အလေးပေးပြီး ဖော်ပြထားတာ။ နောက်တခုကလည်း ရွေးကောက်ပွဲမှာ ကျနော်တို့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစု များများ အနိုင်ရလေလေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခွင့်အလမ်းတွေ ပိုများလာလေလို့ ကျနော်တို့က အဲလို မြင်တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲ နည်းလမ်းဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နည်းလမ်းတခုအနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားရမယ်လို့ ကျနော်တို့ ဖော်ပြထားတာ။” ပြည်တွင်းပြည်ပက မျိုးဆက်သစ်တွေ သိချင်တယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်း-ပွင့်) က ဦးကိုကိုကြီးတို့၊ ဦးမင်းကိုနိုင်တို့ ရွေးကောက်ပွဲဝင်မလား။ ဘယ်သူတွေ ၀င်ပြိုင်ကြမလဲ။ “အရင်ဆုံးက တရားဝင် တာဝန်ရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်နှိုက်က ရွေးကောက်ပွဲကျင်ပမယ့်ရက်တို့၊ အချိန်ဇယားတို့ကို တိတိကျကျ မဖော်ပြခင်ပေါ့လေ၊ နောက်တခုက အန်အယ်လ်ဒီ ကိုယ်နှိုက်ကလည်း ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူးလို့ တိတိကျကျ မကြေညာခင်မှာ ကျနော်တို့ ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာ တခုကတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းကလည်း ပိတ်သွားပြီဖြစ်တဲ့အတွက်ကြောင့် ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) အနေနဲ့ကတော့ ၂၀၁၅ မတိုင်ခင်မှာ နိုင်ငံရေးပါတီအနေနဲ့ ဖွဲ့စည်းဖို့ မရှိပါဘူး။ သို့သော် ရှစ်ဆယ့်ရှစ်ခေါင်းဆောင်တွေထဲကနေပြီးတော့ ဒါ ကျနော်တို့ လောလောဆယ် ရန်ကုန်မှာရှိတဲ့ ခေါင်းဆောင်တွေရော၊ နယ်မှာရှိတဲ့ ခေါင်းဆောင်တချို့ကပါ တဦးချင်းရဲ့ ဆုံးဖြတ်မှုနဲ့ ရွေးကောက်ပွဲ ၀င်ရောက်ဖို့အတွက် စဉ်းစားနေကြတာတွေတော့ ရှိပါတယ်။” မြန်မာနိုင်ငံမှာ အရင်ကထက်စာရင် ကွန်ရက်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ ပေါ်ပေါ်တင်တင် ပိုများလာ ပိုလှုပ်ရှားလာတယ်။ ဒီအဖွဲ့အစည်းတွေက ရွေးကောက်ပွဲစောင့်ကြည့်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ ပတ်သက်မှု အခြေအနေတွေက အားရစရာရှိလား။ ဘာတွေမြင်ရလဲခင်ဗျ။ “ကျနော်တို့ကိုယ်နှိုက်က နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်အားကောင်းဖို့အတွက်က အရပ်ဖက်အဖွဲ့အစည်းတွေ ကျန်းမာသန်စွမ်းဖို့လိုတယ်၊ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အဲဒီတော့ တချိန်တည်း မှာ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကိုယ်သက်ဆိုင်ရာပေါ့ အာရုံစိုက်တဲ့နယ်ပယ်ကို စဉ်းစားဆုံးဖြတ်တာလည်း တပိုင်းပေါ့။ နောက်တခုကတော့ တနိုင်ငံလုံး အပြောင်းအလဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ်အပေါ်မှာ နိုင်ငံရေးခေါင်းဆောင်တွေက ဘယ်လိုစဉ်းစားသလဲ၊ ဆုံးဖြတ်သလဲဆိုတာကိုလည်း သူတို့ နားလည်အောင် ကျိုးစားသင့်တယ်။ မဟုတ်ရင် Issue (အကြောင်းအရာ) ကို အခြေပြုပြီးဆောင်ရွက်တဲ့ အမြင်နဲ့ တနိုင်ငံလုံးအပြောင်းအလဲအတွက် လွှမ်းခြုံပြီးတော့ စဉ်းစားဆောင်ရွက်တဲ့ အမြင်နဲ့ကြားမှာ ကွာဟမှုတွေ ဖြစ်နိုင်တယ်။ အဓိကကတော့ အဲဒီ သဟဇာတဖြစ်မှုကို ရဖို့အတွက် နိုင်ငံရေးခေါင်းဆောင်များကလည်း သက်ဆိုင်ရာ Issue တွေပေါ့ အကြောင်းအရာတွေကို ဘယ်လိုစဉ်းစားတယ်၊ ဆုံးဖြတ်တယ်ဆိုတာကို ကျန်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ သိမြင်နားလည်အောင် ရှင်ပြသင့်တယ်။ ဒီအရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကိုယ်အာရုံစိုက်တဲ့အကြောင်းအရာ တခုတည်းအပေါ်မှာသာ ဗဟိုမပြုဘဲနဲ့ တနိုင်ငံအပြောင်းအလဲနဲ့ ဆက်စပ်ပြီးတော့ စဉ်းစားနိုင်အောင် ကျိုးစားသင့်တယ်လို့ ကျနော် အဲလိုမြင်ပါတယ်။” ဦးကိုကိုကြီးအနေနဲ့ အထူးတလည် ပြောစရာရှိဦးမလား။ “ကျနော်တို့ ဒီမိုကရေစီအပြောင်းအလဲဆိုတာ ခက်လည်း ခက်ခဲတယ်၊ သိမ်လည်း သိမ်မွေ့တယ်။ ပေးဆပ်ရမှုတွေလည်း အင်မတန်ကြီးတယ်။ ကျနော်တို့ ဒီအပြောင်းအလဲကို ရောက်နေတဲ့အချိန်မှာ အခြေအနေတခုလုံးကို မှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ ကျနော်တို့နိုင်ငံရေးခေါင်းဆောင်တွေဟာ သူ့အချိန်ကာလ အကန့်အလိုက်၊ အကန့်အလိုက် ဒီကာလမှာ ဒါလုပ်မယ်၊ တချို့ အကြောင်းကိစ္စတွေကို နောက် ဘယ်ကာလမှာ လုပ်မယ်၊ အစရှိသဖြင့် ဒီလို အချိန်ကာလ သတ်မှတ်တာနဲ့ ဦးစားပေးအစီအစဉ် ရွေးချယ်တာတွေကို တိတိကျကျလုပ်ဖို့လိုတယ်။ အများပြည်သူကိုလည်း ကျနော်တို့က အသိပေးပြီးတော့ အများပြည်သူ ပါဝင်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ရှာဖွေဖော်ထုတ်ဖို့၊ ညွှန်ပြဖို့လိုတယ်လို့ ကျနော် အဲလိုမြင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up