A d v e r t i s e m e n t With Us

နှစ် ၃၀ ကြာလွတ်မြောက်နေသည့် အီတလီမာဖီးယားခေါင်းဆောင်ကို ဖမ်းမိပြီ

အနှစ် ၃၀ လောက် ၀ရမ်းပြေးဖြစ်နေတဲ့ အီတလီ မာဖီးယားဂိုဏ်းခေါင်းဆောင် ပက်စ်ကွာလီ စကော့တီကို ဖမ်းမိထားပြီလို့ ဘရာဇီး ရဲတပ်ဖွဲ့က မေလ ၂၆ ရက်က ပြောဆိုလိုက်ပါတယ်။ သူဟာ ၁၉၈၀ လောက်က လူအယောက် ၂၀ ကို သတ်ဖြတ်မှု ကျူးလွန်ထားပါတယ်။ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ စကော့တီကို ဘရာဇီးရဲ့ ဖက်ဒရယ် ရဲတပ်ဖွဲ့နဲ့ အင်တာပိုလ် တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်ဘက်က ရီဆီးဖှီးမြို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ် မာဖီးယားခေါင်းဆောင်ကို ၁၉၉၁ ခုနှစ်တုန်းက တရားမ၀င် လက်နက်ခဲယမ်းတွေ ပိုင်ဆိုင်မှု၊ ခြိမ်းခြောက်လုယက်မှုနဲ့ လူအယောက် ၂၀ ကျော်ကို သတ်ဖြတ်မှုတွေအတွက် အီတလီတရားရုံးက သူ့ရဲ့မျက်ကွယ်မှာ စီရင်ချက် ချမှတ်ခဲ့ပါတယ်။ သူဟာ နေပယ်လ်မြို့က ကာမိုရာ မာဖီးယားအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၁၉၈၃ ခုနှစ် သေနတ်ပစ်ခတ်မှုတခုမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အယူခံဝင်ပြီးနောက်မှာတော့ ၁၉၈၄ ခရစ္စမတ် အကြိုကာလမှာ ဆေးရုံကနေ လွတ်မြောက်သွားခဲ့တာပါ။ ထောင်နဲ့ချီတဲ့ မော်တော်ကားတွေကို ရပ်ခိုင်းပြီး လမ်းပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် စကော့တီကို အီတလီရဲတွေက မဖမ်းမိခဲ့ပါဘူး။ မေ ၂၆ ရက်နေ့ကတော့ ဘရာဇီးမှတ်ပုံတင်အတု ကိုင်ဆောင်ထားတဲ့ လူတဦးကို သတိထားမိပြီး အင်တာပိုလ်ကနေ မှတ်တမ်းယူထားတဲ့ ဒစ်ဂျစ်တယ် လက်ဗွေပုံစံတွေနဲ့ နှိုင်းယှဉ်ကြည့်ရာကနေ သူ့ကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စကော့တီဟာ အီတလီနိုင်ငံရဲ့ အန္တရာယ်အရှိဆုံး ၀ရမ်းပြေးတယောက်ဖြစ်ပြီးတော့ အီတီနိုင်ငံအတွက်ရော၊ ဘရာဇီးနိုင်ငံအတွက်ပါ အရေးကြီးတဲ့ အန္တရာယ်အရှိဆုံး လူတယောက်ကို ဖမ်းမိလိုက်တာလို့ အီတလီက အင်တာပိုလ်အကြီးအကဲ ဂီနာရို ကာပူလွန်ဂိုက ဘရာဆီးလီယာမှာ ပြုလုပ်တဲ့ သတင်းညီလာခံမှာ ပြောပါတယ်။ စကော့တီဟာ ရီဆီးဖှီးမြို့မှာ ကျောင်းနေရွယ် ကလေး ၂ ယောက်နဲ့ နေထိုင်ပြီး နောက်ကွယ်ကနေ လှုပ်ရှားလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတယ်လို့လည်း ဘရာဇီး ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီလုပ်ငန်းတွေကလည်း နောက်ထပ် ပြစ်ချက်တွေ စွဲလို့ရတဲ့ လုပ်ငန်းတွေ ဟုတ်မဟုတ် ဘရာဇီးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။ အီတလီအာဏာပိုင်တွေကတော့ စကော့တီကို ပြန်လွှဲပြောင်းယူနိုင်ရေး လုပ်ငန်းစဉ်တွေ စလုပ်နေပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘရာဇီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာတော့ စကော့တီကို ၁၉၈၀ နဲ့ ၁၉၈၃ ခုနှစ်ကြားမှာ ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက် အလိုရှိနေတာလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up