A d v e r t i s e m e n t With Us

မြန်မာယူ၂၀ အသင်း၏ ပြိုင်ဘက်များအကြောင်း

နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ ကျင်းပဖို့ ၃ ရက်ပဲ လိုပါတော့တယ်။ လက်ရှိမှာတော့ ပြိုင်ပွဲဝင်မယ့် အသင်းတွေအားလုံးက နယူးဇီလန်ကို ရောက်ရှိပြီး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါပြီ။ ၁၉၇၇ ခုနှစ်ကတည်းက ၂ နှစ်တကြိမ် ကျင်းပလာတဲ့ ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲဟာ မာရာဒိုနာတို့လို နာမည်ကြီး ဘောလုံးသမားတွေနဲ့ လက်ရှိ ကမ္ဘာဘောလုံးလောကမှာ ထွန်းတောက်နေတဲ့ မက်ဆီ၊ အဂွီရို၊ ပေါလ်ပေါ့ဘာ၊ ဟယ်ရီကိန်း စတဲ့ ဘောလုံးသမားတွေကို မွေးထုတ်ပေးထားပါတယ်။ ကမ္ဘာ့ဘောလုံးစင်မြင့်ကို တက်လာမယ့် လူငယ်ခြေသစ်တွေကို တွေ့မြင်ရမှာ ဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကို ကမ္ဘာတ၀န်းက ဘောလုံးပွဲကို စိတ်ဝင်စားတဲ့သူတွေက စောင့်ကြည့်နေကြပါတယ်။ ၂၀၁၅ ခုနှစ် ပြိုင်ပွဲမှာ အာဂျင်တီးနား ကစားသမားဟောင်း လက်ရှိ စပိန် အက်သလက်တီကို အသင်းနည်းပြ ဒီယေဂို ဆီမြွန်နီရဲ့သား အာဂျင်တီးနား ရေးဗားပလိတ် ကလပ်အသင်းက ဂျီအိုဗန်နီ ဆီမြွန်နီဟာ ခြေစစ်ပွဲမှာ ၉ ဂိုးသွင်းယူခဲ့ပြီး စောင့်ကြည့်ရမယ့် ကစားသမား တဦးလို့ ဘောလုံး ကျွမ်းကျင်သူတွေက ပြောဆိုနေပါတယ်။ ဒီပြိုင်ပွဲမှာ အုပ်စု (၆) စုခွဲထားပြီး တအုပ်စုကို အသင်း ၄ သင်းနဲ့ ၂၄ သင်းပါဝင် ကစားမှာ ဖြစ်ပါတယ်။ ဒီအသင်းတွေထဲမှာ အာဖရိက ၄ သင်း၊ အာရှ ၄ သင်း၊ ဥရောပ ၆ သင်း၊ တောင် အမေရိက ၄ သင်း၊ ကာရေဘီယန် အမေရိက အလယ်နဲ့ မြောက်ပိုင်း အသင်း ၄ သင်း၊ သမုဒ္ဒရာဇုန်က အသင်း ၂ သင်းတို့ ပါဝင်နေပါတယ်။ အာဂျင်တီးနားအသင်းကတော့ ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ၆ ကြိမ် ဗိုလ်စွဲထားပါတယ်။ ပြိုင်ပွဲကနေ ရွှေဘောလုံးဆု၊ ရွှေဖိနပ်ဆု၊ ရွှေလက်အိတ်ဆု၊ အသန့်ရှင်းဆုံး အသင်းဆုတွေကို ချီးမြှင့်လေ့ ရှိပါတယ်။ ဒီပွဲနဲ့ ပတ်သက်တဲ့ တခြားအသေးစိတ် အကြောင်းအရာတွေထက် မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ ၂၀ အသင်းပါဝင်နေတဲ့ အုပ်စု (က) အသင်းတွေနဲ့ ဦးစွာ မိတ်ဆက်ပေးချင်ပါတယ်။ ပထမဆုံးအကြိမ် ကမ္ဘာဖလားပြိုင်ပွဲမှာ ပါဝင်ကစားရမယ့် ပြိုင်ပွဲဖြစ်တာနဲ့ အညီ မြန်မာ ပရိသတ်တွေရဲ့ အသင်း အပေါ် အားပေးမှုကတော့ ကြောက်မခန်းလိလိပါ။ FIFA U-20 World Cup ဆိုတဲ့ ဖီဖာရဲ့ ယူ ၂၀ လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်က မှတ်ချက်ရေးလို့ရတဲ့နေရာ မှာ မြန်မာ၊ မြန်မာ ဆိုတဲ့ မှတ်ချက်နဲ့ အသင်းကို ထောက်ခံ အားပေးနေတာတွေကို တွေ့မြင်နေရပါတယ်။ မြန်မာအသင်းနဲ့ ရင်ဆိုင်ရမယ့် အသင်းတွေအကြောင်းကို သိထားရင်တော့ မြန်မာ အသင်း အုပ်စုက တက်နိုင်မတက်နိုင်ဆိုတဲ့ ရင်ခုန်သံတွေနဲ့ အားပေးမှုတွေကို ပိုအဓိပ္ပာယ်ရှိစေမှာ ဖြစ်ပါတယ်။ အုပ်စု (က)မှာတော့ မြန်မာဟာ အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန်တို့နဲ့ အတူ ကျနေပါတယ်။ မြန်မာအသင်းဟာ ပထမဆုံး ပွဲစဉ်အဖြစ် မေ ၃၀ ရက်မှာ အမေရိကန်၊ ဇွန် ၂ ရက်မှာ ယူကရိန်း၊ ဇွန် ၅ ရက်မှာ နယူးဇီလန်အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အမေရိကန် [caption id="attachment_94780" align="alignright" width="625"]USA ဓာတ်ပုံ (ဖီဖာ ယူ ၂၀ ၀က်ဆိုဒ်)[/caption]   မေ ၃၀ ရက်မှာ မြန်မာနဲ့ အမေရိကန်တို့ ကစားရမှာ ဖြစ်ပါတယ်။ အမေရိကန် အသင်းဟာ ၁၃ ကြိမ် တိတိ ယူ ၂၀ ကမ္ဘာ့ဖလားကို ၀င်ရောက် ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က ရရှိခဲ့တဲ့ စတုတ္ထနေရာဟာ အမေရိကန်အသင်းရဲ့ ဒီပြိုင်ပွဲ သမိုင်းတလျှောက်မှာ အမြင့်မားဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ အမေရိကန် အသင်းရဲ့ နည်းပြကတော့ ကမ္ဘာဖလား ၃ ကြိမ် ကစားပေးထားတဲ့ အမေရိကန် နိုင်ငံသား အသက် ၄၉ နှစ် တပ်ရာမိုစ့် ဖြစ်ပါတယ်။ ၂၀၁၄ ဘရာဇီလ်း ကမ္ဘာဖလားပြိုင်ပွဲအတွက် အမေရိကန် လက်ရွေးစင်အသင်းကြီးရဲ့ နည်းပြ ဂျာကလင်းစမန်းက လက်ထောက်အဖြစ် သူ့ကို ခန့်အပ်ခဲ့ဖူးပါတယ်။ နည်းပြ ဘ၀မှာတော့ သူဟာ အောင်မြင်မှု ကြီးကြီးမားမား မရှိသေးပါဘူး။ အမေရိကန် ယူ ၂၀ ရဲ့ ကစားပုံက အလယ်တန်းကို အဓိက အားပြုကစားတယ်လို့လည်း နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့အတွက် အမေရိကန် အသင်းကတော့ ပြင်ဆင်မှုတွေ အတော်များများ ပြုလုပ်ထား ပါတယ်။ ဒီအထဲမှာ ပရီးမီယားလိဂ်က တော့တမ်ဟမ် ဟော့စပါး ဘောလုံး အကယ်ဒမီနဲ့ ခြေစမ်းတာ၊ အင်္ဂလန်၊ သြစတြီးယား၊ ခရိုအေးရှားအသင်းတွေနဲ့ ခြေစမ်းကစားတာ စတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါတယ်။ အမေရိကန်အသင်းကကစားသမား စာရင်းကို ကြည့်မယ်ဆိုရင် မေဂျာလိဂ်က ကစားသမား ၉ ဦးနဲ့ တည်ဆောက်ထားသလို အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ချန်ပီယံရှစ် ဖူလ်ဟမ်အသင်းက ကစားသမား ၃ ဦးကိုလည်း ခေါ်ယူထားပါတယ်။ လက်ရှိ အသင်းခေါင်းဆောင် အဲမာဆန် ဟိုင်မန်ဟာ အင်္ဂလန် ကလပ် ဖူလ်ဟမ် ဘောလုံးအကယ်ဒမီမှာ ကစားနေပြီး အမေရိကန်ရဲ့ အနာဂတ် မျှော်လင့်ချက်ဆိုပြီး ပရိသတ်နဲ့ သတင်းသမားတွေက တင်စားနေ ပါတယ်။ သူ့ကို အမေရိကန် အသင်းကြီး နည်းပြ ကလင်းစမန်းက ချက်နဲ့ ခြေစမ်းပွဲမှာ အသင်းကြီးမှာ ခေါ်ယူ ကစားခဲ့ပါသေးတယ်။ "ခြေစစ်ပွဲမှာ ခက်ခဲကြမ်းတမ်းခဲ့ပေမယ့် ဒီကနေ ကျနော်တို့လေ့လာ နိုင်ခဲ့ပါတယ်။ ဒီအခက်အခဲတွေကြောင့် ကျနော်တို့ ကောင်းကောင်းပြင်ဆင်နိုင်တယ်”လို့ သူက ပြောထားပါတယ်။ အမေရိကန် အသင်း ခြေစစ်ပွဲကတော့ သူပြောသလို ကြမ်းတမ်းခဲ့ပါတယ်။ ကမ္ဘာဖလားကို တိုက်ရိုက် ခြေစစ် ပွဲအောင် လာတာ မဟုတ်ဘဲ အယ်ဆာဗာဒေါနဲ့ Play-off ကစားပြီးမှာ ခြေစစ်ပွဲအောင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား စာရင်းကို ကြည့်ပြီးသုံးသပ်ရရင်တော့ ဒီအုပ်စုမှာတော့ အတောင့်တင်းဆုံး အသင်း လို့တော့ ပြောလို့ ရနေပါတယ်။ ယူကရိန်း [caption id="attachment_94781" align="alignright" width="611"]ဓာတ်ပုံ (ဖီဖာ ယူ ၂၀ ၀က်ဆိုဒ်) ဓာတ်ပုံ (ဖီဖာ ယူ ၂၀ ၀က်ဆိုဒ်)[/caption] ဒုတိယပွဲအဖြစ် ဇွန် ၂ ရက်မှာ ဥရောပက ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ယူကရိန်း အသင်း အတွက် တတိယအကြိမ်မြောက် ယူ ၂၀ ကမ္ဘာဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတာလည်း ဖြစ်ပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၅ မှာ ပါဝင်ကစားခဲ့ပြီး ဒုတိယအဆင့်မှာတော့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ခြေစစ်ပွဲမှာ ယူကရိန်းဟာ စကော့တလန်ကို သရေ၊ အင်္ဂလန်နဲ့ မွန်တီနီဂရိုး အသင်းတွေကို အနိုင်ကစားခဲ့ ပါတယ်။ နောက်တဆင့်မှာတော့ ဂျာမနီ၊ ဆားဘီးယား၊ ဘူးဂေးရီးယား အသင်းတွေနဲ့ တအုပ်စုထဲ ကျခဲ့ပါတယ်။  ဒီပွဲမှာ ဘူးဂေးရီးယားကို နိုင်၊ ဂျာမနီကို ရှုံးပြီး ဆားဘီးယားနဲ့ သရေကျပြီး အုပ်စု တတိယ အကောင်းဆုံး အသင်း အနေနဲ့ ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ယူအီးအက်ဖ်အေ အသက် ၁၉ နှစ်အောက် ချန်ပီယံရှစ် ပြိုင်ပွဲမှာယူကရိန်းဟာ ဆွီဒင်၊ အစ္စရေး၊ ဘူလ်ဂေးရီးယား အသင်းတွေနဲ့ ကစားခဲ့တာ ဖြစ်ပြီး အုပ်စု ပထမရရှိထားပါတယ်။  ဒီပွဲတွေမှာ ဆွီဒင် အသင်းနဲ့ ၂ ဂိုးစီ သရေကျပြီး ကျန်တဲ့ အသင်းတွေကိုတော့ ၅ ဂိုးစီသွင်းပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း အသင်းရဲ့ နည်းပြကတော့ အသက် ၅၇ နှစ် အိုလက်ဇန်ဒရာ ပက်ရာကော့ဗ် ဖြစ်ပါတယ်။ "ကမ္ဘာဖလား ခြေစစ်ပွဲအောင်တာ အောင်မြင်မှု တခု ဖြစ်ပါတယ်။ သမုဒ္ဒရာမှာ ဘယ်တော့မှ ရေမကူးဖူးပါဘူး။ ဒါပေမယ့် နယူးဇီလန်မှာ ကူးရတော့မယ်ဆိုတော့ အရမ်းပျော်ပါတယ်” လို့ သူက ပြောပါတယ်။ နည်းပြကတော့ ယူကရိန်းနိုင်ငံ ပြင်ပမှာဆိုရင်တော့ လူမသိ သူမသိ နည်းပြတဦးလို့ သတင်းတွေက ဆိုပါ တယ်။ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ဥရောပဘောလုံးပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ အသင်း ရဲ့ လေ့ကျင် ပြင်ဆင်မှုကို အခက်အခဲ ဖြစ်စေပေမယ့် သူရဲ့ ဦးဆောင်မှုကတော့ ချီးကျူး စရာ ဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။ ၄-၂-၃-၁ ကစားကွက်နဲ့ တန်ပြန်တိုက်စစ်ကို အများဆုံးအသုံးပြုကစားတဲ့ အသင်းတသင်းလည်း ဖြစ်ပါတယ်။ ယူကရိန်း အသင်းကတော့ ပြည်တွင်း ရှက်တာဒိုးနပ်စ်နဲ့ ဒိုင်နမိုကီးယပ်စ်က ကစားသမား ၅ ဦးစီကို အခြေခံပြီး ပြည်တွင်း ကလပ်အသင်းက ကစားသမားတွေနဲ့ အခြေခံ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်။ ပွဲကြိုပြင်ဆင်မှုအဖြစ် ဥရုဂွေးအသင်းနဲ့ ကစားခဲ့ရာမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ဒါအပြင် ဘီလာရုစ် တူရကီအသင်းတွေနဲ့လည်း ခြေစမ်းကစားခဲ့ပါသေးတယ်။ နယူးဇီလန် [caption id="attachment_94782" align="alignright" width="623"]ဓာတ်ပုံ (ဖီဖာ ယူ ၂၀ ၀က်ဆိုဒ်) ဓာတ်ပုံ (ဖီဖာ ယူ ၂၀ ၀က်ဆိုဒ်)[/caption] အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာ အသင်းဟာ ဇွန် ၅ ရက်မှာ နယူးဇီလန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ စတုတ္တအကြိမ်မြောက် ကမ္ဘာဖလားကို ၀င်ရောက် ကစားခွင့်ရတာ ဖြစ်ပါတယ်။ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃မှာ ပါဝင်ကစားခဲ့စဉ်က အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။ အိမ်ရှင်ဖြစ်တာကြောင့် ခြေစစ်ပွဲကို ကစားခဲ့ရခြင်းမရှိတာဟာ နိုင်ငံတကာ အတွေ့အကြုံ အရ အားနည်း တယ်လို့ သတင်းက ရေးပါတယ်။ နည်းပြကတော့ အင်္ဂလန်နိုင်ငံသား အသက် ၄၂ နှစ် ဒါရင်းဘန်ဇီလေး ဖြစ်ပါတယ်။ အရင်က အင်္ဂလန် ကလပ် ၀တ်ဖိုဒ့်နဲ့ ၀ူဘာဟာတန် ၀မ်းဒရား အသင်းတွေမှာ ကစားခဲ့တဲ့ ကစားသမား တဦး ဖြစ်ပါတယ်။ “နယူးဇီလန်ဘောလုံးနဲ့ ထူးချွန်တဲ့ ကစားသမားတွေရှိတယ်ဆိုတာ ပြသဖို့ အခွင့်အရေး ရလာပါပြီ၊ ကစားသမားအားလုံး သူတို့နဲ့ တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ကျနော်တို့ အားလုံးအတွက် တကယ့် အခွင့်အခါကောင်းပါ” လို့ ဒါရင်း ဘန်ဇီလေးက ပြောပါတယ်။ အသင်းက ကစားသမား အများစုဟာ ပြည်တွင်း အခြေစိုက် ကစားသမား အများစု ပါဝင်ပြီး အင်္ဂလန်နဲ့ အမေရိကန်မှာ သွားရောက် ကစားတဲ့ ကစားသမား တချို့လည်း ပါဝင်နေပါတယ်။ သမုဒ္ဒရာဇုန်မှာ နယူးဇီလန်အသင်းဟာ ချန်ပီယံ ၅ ကြိမ် အထိ ဖြစ်ခဲ့ဖူးပါတယ်။ ပွဲကြို ပြင်ဆင်မှု အဖြစ် မေလ အတွင်း ခြေစမ်းပွဲနဲ့ ၅ နိုင်ငံ ပြိုင်ပွဲ အဖြစ် ၅ ပွဲကစားခဲ့ရာမှာ ပနားမား အသင်း တသင်းကိုသာ အနိုင်ရရှိထားပါတယ်။ မြန်မာနဲ့ကစားခဲ့ဖူးတဲ့ ကာတာ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် ထားပါတယ်။  ဒါပေမယ့်၂၀၁၄က ဘရာဇီးအသင်းကို ခြေစမ်းပွဲမှာ သရေကစားနိုင်ခဲ့တာကိုလည်း မေ့ထား လို့မရပါဘူး။ ဒီပွဲမှာ အိမ်ရှင်အားသာချက်ကို ရယူပြီး ဒုတိယအဆင့်ကို တက်ရောက်နိုင်မယ့် မှတ်တိုင်အသစ်ကို တည်ထောင်သွားနိုင်မလားကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံမှာ မေ ၃၀ ရက်နေ့ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (က) က မြန်မာ၊ အမေရိကန်၊ ယူကရိန်းနဲ့ အိမ်ရှင်နယူးဇီလန် အသင်းတွေထဲက ဘယ်အသင်းတွေ အုပ်စုအဆင့်က တက်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုကြပါစို့။

A d v e r t i s e m e n t With Us

More News
Up