Home
ဆောင်းပါး
လေမလာကြာတိုင်းကောင်း ကျောက်ချဖျက်ဆီးထားတဲ့ ၉၀ ရွေးကောက်ပွဲလှေကြီးအကြောင်း
မောင်တူး
·
May 27, 2015
၁၉၉၀ ရွေးကောက်ပွဲ ၂၅နှစ်ပြည့် အထိမ်းအမှတ် အထူးဆောင်းပါး စားလိုက်မယ်တဲ့၊ လှေသူကြီးဆန် အိပ်လိုက်မယ်ကွဲ့၊ ဖင်ကြီးလှန်၊ လေမလာ ကြာတိုင်းကောင်း လှေသူကြီးကို လှေသားထောင်း။ “ရေကြောင်းသွားလာ ရွက်နာဝါ ” ဆောင်းပါးကို အထက်တန်း မြန်မာစကားပြေ လက်ရွေးစင်မှာ သင်ခဲ့ရပါတယ်။ နာဝါက လှေ ဖြစ်ပါတယ်။ ရွက်နာဝါဆိုတော့ ရွက်လှေပေါ့။ စက်လှေမပေါ်ခင် ဟိုရှေးအခါက အထက်အညာကနေ အောက်ပြည်အောက်ရွာဆီ လှေနဲ့စုန်ပြီး ကုန်ကူးသန်းရာမှာ အပြန်ခရီးဟာ အဆန် ဖြစ်ပါတယ်။ မိုးကျချိန် တောင်လေတိုက်တဲ့အခါ ရွက်လွှင့်ဆန်တက်ကြရပါတယ်။ လေမလာသရွေ့ လှေမထွက်နိုင်တာမို့ ရက်ရှည်လများ အချိန်ကုန် လှေသူကြီး ဆန်ကုန် အလုပ်မဖြစ်သေးတဲ့ အခြေအနေပါ။ အချိန်ဖင့်နွှဲ ကြာရှည်ပြီး တဦးအတွက် အကျိုးရှိ ကျန်တဦးအတွက်ကျတော့ အကျိုးမဲ့တာပါ။ ဒါကတော့ အထက်တန်းတုန်းက သင်ခဲ့ရတဲ့ မြန်မာစကားပြေထည်းက လေမလာ ကြာတိုင်းကောင်း အချိန်ဆွဲခြင်းအကြောင်း ဖြစ်ပါတယ်။ ထပ်ပြောပြချင်တာက နှစ်ရှည်ကြာ အချိန်ဆွဲ နည်းဗျူဟာ အကြောင်းပါ။ ၁၉၉၀ ပြည့် မေလ ၂၇ ရက်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တာ အခု၂၅ နှစ်ပြည့်ပါပြီ။ မဲနိုင် ကိုယ်စားလှယ်တွေကို အစိုးရဖွဲ့ခွင့် မပေးပဲ အချိန်ဆွဲထားတာလည်း ၂၅ နှစ်ရှိပါပြီ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဧရာဝတီတိုင်း ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့်ကတော့ ၉၀ ရွေးကောက်ပွဲပြီးစ အချိန်ဆွဲမဲ့အရိပ် နမိတ်တွေ မြင်လာခဲ့ရတာကို အခုလို ပြန်ပြောပြပါတယ်။ “ န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မှာကို အတိအလင်း ပြောထားပါတယ်။ ဒါပေမယ့် ၉၀ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ လွှတ်တော်ခေါ်ယူပေးခြင်း မပြုဘဲနဲ့ အချိန်ကာလကို အကြာကြီးဆွဲခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိစာရင်း ကြေညာတာတောင်မှဘဲ ရက်ပေါင်း ၅၀၊ ၆၀ လောက် ကြာတဲ့အထိကို တနေ့ ၁၀ ယောက်၊ ၁၅ ယောက်နှုန်းနဲ့ကို ဖြည်းဖြည်း ကြေညာ နေတယ်။ ဒီလို အချိန်ဆွဲ ကြေညာနေတာဟာ သူတို့ (န၀တ စစ်အစိုးရ) က တစုံတခုကို ကြံစည်နေတယ်လို့ ကျနော်တို့ တွေးမိခဲ့ပါတယ်။ ” လို့ ရှင်းပြပါတယ်။ ၁၉၆၂ ကစ အချိန်ဆွဲခဲ့တဲ့ ၂၆ နှစ် တကယ်တမ်း အချိန်ဆွဲလာခဲ့တာက ၂၅ နှစ် မကတော့ပါဘူး။ ၀န်ကြီးချုပ် ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီအစိုးရဆီကနေ ဦးနေ၀င်း စစ်တပ် အာဏာသိမ်းယူခဲ့တာက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်ပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ကို အရပ်သား အစိုးရဆိုပြီး ဖွဲ့ခဲ့ပေမယ့် အခု ပြည်ခိုင်ဖြိုးအစိုးရနဲ့ အတူတူပါပဲ။ စစ်တပ်က နောက်ကွယ်က အသင့်နဲ့ သာပါ။ ၁၉၆၂ ကနေ ၈၈ တိုင်အောင် ၂၆ နှစ်ကြာ အရပ်သားဟန်ဆောင်၊ ဆိုရှယ်လစ်ဟန်ပြ မဆလ စစ်တပိုင်းအစိုးရရဲ့ အချိန်ဆွဲ နည်းဗျူဟာပါ။ ဒါကြောင့်လည်း ပြည်သူက အုံကြွ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်လာတော့ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာ မဆလအစိုးရဆီက စစ်တပ်က အာဏာသိမ်းပြီး န၀တစစ်အစိုးရကို ဖွဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က (ကန့်လန့်ကာ နောက်ကွယ်က ဦးနေ၀င်းအလိုကျ)အချိန်ထပ်ဆွဲပြန်ပါတော့တယ်။ ၈၈ အာဏာသိမ်းပြီးစမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ ပါတီတွေ ဖွဲ့ကြတော့လို့ တရားဝင် ကြေညာခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ဥက္ကဋ္ဌ ဦးသုဝေကတော့ “ ပါတီတွေ ဖွဲ့ခိုင်းပြီး ကော်မရှင်ကို တာဝန်ပေးခဲ့တာ ဆိုပေမယ့် ပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်လာမယ်ဆိုတာကိုတောင် မယုံကြည်ခဲ့ဘူး။ ” လို့ ပြောပါတယ်။ ဒါပေမယ့် န၀တ စစ်အစိုးရဟာ သူ့ ကတိစကားအတိုင်း ၁၉၉၀ မှာ ရွေးကောက်ပွဲကတော့ လုပ်ပေးခဲ့ပါတယ်။ အာဏာလွှဲဖို့ကျတော့ ကတိမတည်ပဲ ဦးဒေးဗစ်လှမြင့် ပြောသလိုမျိုး အချိန်ဆွဲထားလိုက်တာ နှစ်အစိတ်ကြာသွားပါပြီ။ ဒီလို နှစ်တွေကြာအောင် အချိန်ဆွဲထားခဲ့တာနဲ့ ပတ်သက်ပြီိး စာရေးဆရာမ ရွှေကူမေနှင်းကလည်း “အချိန် အကြာကြီး ဆွဲနေခဲ့တယ်။ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်တယ်။ အဲဒီတုန်းက န၀တ ခေါင်းဆောင်ကြီးက နိုင်တဲ့ပါတီ အာဏာလွှဲမယ်။ ဘားတိုက်ပြန်မယ်ပြောခဲ့တာ နားထဲက မထွက်ဘူး။ နောက်တော့မှ မာတဲ့အမတ်တွေ ထောင်ထဲထည့်။ မှေးပြီးနေသူတွေနဲ့ ဖွဲ့စည်းပုံဆွဲဖို့ ညီလာခံခေါ်တယ်။ မဲနိုင်သူက ၈၀ ကျော်ပဲ တက်တယ်။ ကျန်တဲ့ စစ်အစိုးရလူတွေက အများကြီးနဲ့ ၁၉၉၃ ကစပြီး အမျိုးသားညီလာခံ ခေါ်တယ်။ အကြာကြီးပဲ။ အန်အယ်လ်ဒီက သပိတ်မှောက် ထွက်လာတယ်။ တော့်တော့်ကို ကြာတယ်။ ၂၀၀၈ ကျမှ ဖွဲ့စည်းပုံထွက်တယ်။ ဒီဖွဲ့စည်းပုံကို ဆွဲတာ ၉၀ အမတ်တွေ မပါဘူး။ ” လို့ ပြောခဲ့ပါတယ်။ ဒေါ်စံမေ (ခေါ်) ရွှေကူမေနှင်းဟာ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ကနေ ၁၉၉၀ ရွေးကောက်ပွဲအတွင်း အန်အယ်လ်ဒီကိုယ်စားပြု အရွေးချယ်ခံခဲ့ရသူပါ။ ကာရန်မဲ့ကဗျာ လွှတ်တော်မဲ့အမတ် ၁၉၉၀ ခုနှစ် မေလ ၂၇ ရက် ရွေးကောက်ပွဲမှာ ပါတီ ၉၃ ခုကကိုယ်စားလှယ်တွေနဲ့၊ တသီးပုဂ္ဂလ လွတ်တော်ကိုယ်စားလှယ်ပေါင်း ၂၂၉၆ ယောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ မဲဆန္ဒနယ် ၄၈၅ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)က ၃၉၂ ဦးရွေးချယ် ခံခဲ့ရပြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(အက်စ်အန်အယ်လ်ဒီ)က ၂၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(အေအယ်လ်ဒီ)က ၁၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၀ ဦး၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က ၅ ဦး၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၃ ဦး အပါအ၀င် မဲနိုင်ပါတီ ၂၇ ခု ရှိခဲ့ပါတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၆ ဦးလည်း အရွေးခံခဲ့ရပါတယ်။ မဲပေးသူ လူဦးရေက ၁၅ သန်းကျော် ဖြစ်ပါတယ်။ ဒီလို တရားဝင် တိုင်းသိပြည်သိ ကမ္ဘာသိ အနိုင်ရခဲ့ပေမယ့် နှစ်တွေကြာလာတဲ့အထိ လွှတ်တော် ခေါ်ခွင့်၊ အစိုးရဖွဲ့ခွင့် မရသေးတာမို့ အန်အယ်လ်ဒီအမတ် ဆရာမကြီး ရွှေကူမေနှင်းကို ကဗျာဆရာကြီး တင်မိုးက “ ဆရာမတို့က အမတ်အဖြစ် ရွေးကောက်ခံရပေမယ့် တက်ဖို့ လွှတ်တော်ကတော့ မရှိဘူး။ ကာရန်မဲ့ ကဗျာ ရှိသလို လွှတ်တော်မဲ့အမတ်လည်း ရှိနေတယ်” လို့ ပြောခဲ့သေးတာပါ။ အခုလို ဝေဖန် ပြောဆိုခဲ့သူ ကဗျာဆရာကြီးလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတ်သိပညာရှင် အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးတင်မိုးကိုယ်တိုင် အဖမ်းခံရ၊ ထောင်ကျခဲ့ရပြီး ပြည်ပမှာ ကွယ်လွန်သွား ခဲ့ပါပြီ။ ၁၉၉၀ ပြည့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ၂၅ နှစ် အတွင်း ရာနဲ့ချီ ကွယ်လွန်ခဲ့ ကြပါပြီ။ ဒါပေမယ့် အချိန်ဆွဲနေတုန်းပါ။ ၁၉၉၀ ရွေးကောက်ပွဲကို စစ်အစိုးရက အချိန်ဆွဲပြီး၊ အာဏာမလွှဲတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း နေအိမ်ရှေ့ လူထုတွေ့ဆုံပွဲ တခုအတွင်းမှာ “ မဲရွေးပြီး ရလဒ် ဖော်မပေးတာကို ဘယ်လို လုပ်ရမလဲဆိုပြီး ပြည်သူတွေက ကျမကို မေးကြပါတယ်။ မဲပေးတဲ့ အတွေ့အကြုံ ရအောင် လူထုကို လေ့ကျင့်ပေးမှု တခုပဲလို့ သဘောထားလိုက်ကြပါတော့လို့ ကျမပြောချင်ပါတယ်။”လို့ ဟာသနှော ပြောခဲ့ပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ငွေရတုနဲ့ ဦးအေးသာအောင် (ရခိုင်)အမြင် “ဗိုလ်ချုပ်ကြီးစောမောင်က ပြောခဲ့တယ်။ ဖွဲ့စည်းပုံကိုတောင်မှ အသစ်ပဲဆွဲဆွဲ၊ ၄၇ ဥပဒေပဲ သုံးသုံး သူတို့နဲ့ မဆိုင်ဘူး၊ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ရလဒ်က သူတို့ထင်သလို ဖြစ်မလာဘူး။ အစကတော့ တစညဟာ အပြတ်အသတ် နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ပြောင်းပြန်ဖြစ်တယ်။ တစည အပြတ်အသတ်ရှုံးတယ်။ အန်အယ်လ်ဒီက အပြတ်အသတ် နိုင်တယ်။ တိုင်းရင်းသားတွေထဲက အက်စ်အန်အယ်လ်ဒီ တို့လို၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့လို တိုင်းရင်းသားပါတီတွေလည်း ပြည်နယ် အသီးသီးမှာ အတော်အသင့် နိုင်တော့ သဘောထားတွေ ပြောင်းသွားတယ်။ လွှတ်တော်လည်း မခေါ်ဘူး၊ အာဏာလည်း လွှဲမပေးတော့ဘူး။ ၁/၉၀ ကို စစ်အစိုးရက ကြေညာတယ်။ ရွေးကောက်ပွဲ အနိုင်ရယုံနဲ့ ဥပဒေပြု အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ အလွယ်တကူ မရနိုင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်သာ တာဝန်ရှိသည်ဆိုပြီးတော့ အာဏာမလွှဲပဲ ဖိနှိပ် ဖမ်းဆီးတာတွေ လုပ်ထားတာ အခုအထိပါ။” လို့ ၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့် အထိမ်းအမှတ် ပြောသွားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ငွေရတုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမြင် ၁၉၉၀ ရွေးကောက်ပွဲကို လူထု ၁၅ သန်းကျော် မဲပေးခဲ့တာပါ။ ဒီရွေးကောက်ပွဲရလဒ် အကောင်အထည် မဖော်တာက လူထုဆန္ဒကို မလေးမစားလုပ်တာလို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်မှာ ကျင်းပတဲ့ ၁၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲနှစ်ပတ်လည်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အသိအမှတ် မပြုတာကို ကျမတို့ အမြဲကန့်ကွက်တယ်။ ကန့်ကွက်ရတာက အန်အယ်လ်ဒီကို အာဏာမပေးလို့ မဟုတ်ဘူး။ ပြည်သူလုထုကို မလေးစားလို့။ ၁၉၈၈ ပြည်သူလူထုအုံကြွမှုကြီးကနေ ပေါက်ဖွားလာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲကို ကျင်းပစဉ် အခါတုန်းက ကျမတို့ကို န၀တ ပေးခဲ့တဲ့ကတိတွေ ဆိုတာက ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေ။ ပြီးတော့ နိုင်ငံတနိုင်ငံ သိက္ခာရှိဖို့ဆိုတာဟာ အခြေခံအားဖြင့် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို အခု စကားတမျိုးပြောပြီး နောက်စကားတမျိုး မပြောရဘူး။ ဒီမျှော်လင့်ချက်တွေကို ချေဖျက်လို့။ ဒါမလုပ်ကောင်းတဲ့ကိစ္စ၊ တိုင်းပြည်ရဲ့ သမိုင်းအတွက် မကောင်းဘူး။ ကျန်ခဲ့တဲ့သမိုင်းအတွက် မကဘူး၊ နောင်လာမယ့် သမိုင်းအတွက်လည်း မကောင်းဘူး။ ရွေးကောက်ပွဲရလဒ်ကို မကြိုက်လို့ရှိရင် ပြည်သူလူထုက ဘယ်လောက်ပဲ ဆန္ဒကို ရှင်းရှင်းလင်းလင်း ဖော်ပြဖော်ပြ ချေဖျက်တယ်ဆိုတာ ဒါ မလုပ်ကောင်း တဲ့ အလုပ်တခုပဲ” လို့ ပြောခဲ့ပါတယ်။ ရိုးရိုးအချိန်ဆွဲခြင်းနဲ့ ဆိုးဆိုးအချိန်ဆွဲခြင်း ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းလိုက်တာကနေ ရွေးကောက်ပွဲလုပ်ပါ။ နိုင်သူကို အာဏာ လွှဲပါမယ်လို့ ပြောခဲ့တာက ရိုးရိုး အချိန်ဆွဲခြင်း ဖြစ်တယ်။ စစ်တပ်က လိုလားတဲ့ပါတီ (မဆလ) တဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) နိုင်ရင်တော့ အချိန် ထပ်ဆွဲစရာ မလိုတော့ဘူးလို့ စဉ်းစားထားပုံရတယ်။ အဖြေထွက်လာတော့ အမျိုးသားဒီမိုကရေစီိအဖွဲချုပ် (အန်အယ်လ်ဒီ)က အပြတ်အသတ် နိုင်လိုက်ပြီ။ တစည ခွက်ခွက်လန်ရှုံးတော့ တမျိုးလှည့်ပြီး အချိန်ဆွဲပြန်တယ်။ ဖွဲ့စည်းပုံရေးဆွဲရေးဆိုတာ ပြောလာပြန်တယ်။ နောက်ဆုံးမှာ မဲနိုင်သူတွေက ဂန္ဒီခန်းမှာစုပြီး လွှတ်တော်ခေါ်ရေးတောင်းဆိုလာတော့ ဖမ်း၊ချုပ်၊ နှိပ်စက်၊ ထောင်ချ၊ သတ်ဖြတ်တဲ့ နည်းတွေ ပြင်းပြင်းထန်ထန် သုံးလာတော့တယ်။ ဒီနည်းတွေ အားလုံးဟာ ဆိုးဆိုး အချိန်ဆွဲခြင်း ပါ။ ဆိုးဆိုးဝါးဝါး အချိန်ဆွဲ နည်းဗျူဟာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်နဲ့ တခြား အနိုင်ရပါတီ ခေါင်းဆောင်တွေကို ဖမ်း၊ အကျယ်ချုပ်ချ၊ ဒီမိုကရေစီရေး လှုပ်ရှား ကူညီ ထောက်ခံသူတွေ ကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်၊ နှစ်ရှည်ထောင်ချ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အကျယ်ချုပ် တာရှည်ကျခဲ့တာပါ။ ပြည်ပကို ထွက်ပြေးကြရတဲ့ ၁၉၉၀ ပြည့် လွှတ်တော် ကိုယ်စားလှယ်တွေလည်း ရှိကြပါတယ်။ ဒီအထဲက တချို့ဆို အခုထိတောင် အမိမြေကို မပြန်နိုင်ကြသေးပါ။တချို့ဆို ပြည်ပမှာ ကွယ်လွန်ခဲ့ကြပါပြီ။ ၉၀ မှာဘာလို့နိုင် ၂၀၁၅ ဘယ်သူနိုင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေကို စစ်တပ်က ဖိနှိပ်ထားခဲ့ပါတယ်။ ဒါကို လူထုက သိတယ်။ တပြိုင်တည်းမှာပဲ လူထုကိုလည်း စစ်တပ်က ဖိနှိပ်နေတယ်။ ဖိနှိပ်ခဲ့တယ်။ ဒီတော့ စစ်တပ် နိုင်စေချင်တဲ့ တစညကို မဲမပေးခဲ့ဘူး။ စစ်တပ်က ဖိနှိပ်နေတဲ့ ပါတီတွေကိုသာ ပုံအောပေးခဲ့ကြတာပါ။ ဒါကြောင့် န၀တ၊ နအဖစစ်အစိုးရကလည်း ကတိဖျက်ပြီး၊ အချိန်ဆွဲပြီး လွှတ်တော်ခေါ်မပေးခဲ့ပါဘူး။ အာဏာ လွှဲမပေးခဲ့ဘူး။ အခုအချိန်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ မကြာတော့မယ့် လပိုင်းတွေ အတွင်း မဲရွေးပွဲကြီး ဖြစ်လာတော့မယ်ပေါ့။ အခု ၂၀၁၅ ရွေးကောက်ပွဲ မှာလည်း ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ တိုင်းရင်းသား အခွင့်အရေးတွေ လိုလားနေကြတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူအားလုံးဟာ သူတို့လိုလားတဲ့ အဖိနှိပ်ခံ ပါတီတွေကိုပဲ ပုံအော ပေးကြပါလိမ့်ဦးမယ်။ ဒီအခါမှာ ပေါ်ထွက်လာတဲ့ ရလဒ်အပေါ် မကြိုက်ပြန်ရင်ကော အချိန် ထပ်ဆွဲပြန်ဦးမလား။ လေမလာကြာတိုင်းကောင်း ဆိုတာမျိုး လုပ်ပြန်ဦးမလား။ သေချာတာကတော့ မြန်မာ ပြည်သူတွေ ဒီမိုကရေစီကို အလွန်အမင်း လိုလားတောင့်တ နေကြတာပါ။ ဒီမိုကရေစီ ရရှိရေးအတွက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီကို ဆန့်ကျင်နေကြတဲ့ ဒီမိုကရေစီ ဟန်ဆောင်ထားတဲ့ အာဏာရှင် ကျောထောက်နောက်ခံထားတဲ့ ပါတီတွေကို မဲမပေးဖို့ပဲ လိုမှာပါ။ ဒီမိုကရေစီ ပေးနိုင်မယ့် ပါတီတွေကို တိတိကျကျ ထောက်ခံမဲပေးကြရမှာပါ။ ရွေးကောက်ပွဲရလဒ် မကြိုက်ပြန်ရင် နောက်တခါ ကတိဖျက်ဖို့ အချိန်ဆွဲနိုင်ဖို့ ဆိုတာတွေကတော့ ၁၉၉၀ အခြေအနေနဲ့ ၂၀၁၅ အခြေအနေ မတူညီနိုင်တော့ပါ။ ။ မောင်တူး ၂၇ မေ ၂၀၁၅
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024