ဖိလစ်ပိုင်၏ ရန်စမှု ရပ်တန့်ရန် တရုတ်တောင်းဆို

1.5K
တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်ရဲ့ ရန်စမှုတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟွာချန်းယင်က “တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ တရုတ်ဟာ ဘယ်နိုင်ငံငယ်ကိုမှ အနိုင်ကျင့်မှာ မဟုတ်ဘူးဆိုတာကို ဖိလစ်ပိုင်ကို မေတ္တာနဲ့ သတိပေးလိုက်ပါတယ်။ ဒီလိုပဲ နိုင်ငံငယ်ကလည်း တရုတ်ကို ဆက်ပြီးတော့ ဒုက္ခမပေးသင့်ပါဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“သမိုင်းဆိုတာ ရှေ့ကို ဆက်သွားရမယ်။ ဒါကြောင့် ဖိလစ်ပိုင်ကလည်း ရန်စတာတွေကို ရပ်ပြီး လမ်းကြောင်းမှန်ပေါ် လျှောက်ဖို့ တိုက်တွန်းပါတယ်။ ပြဿ နာကို ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ အဖြေရှာနိုင်ပါတယ်” လို့ ဟွာချန်းယင်က ဆက်ပြောပါတယ်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန် အစိုးရဆီက ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရှိဖို့ တောင်းဆိုပြီး ၁ ရက်အကြာမှာ တရုတ်နိုင်ငံခြားရေးဌာနရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာပါ။
ဒီလ အစောပိုင်းမှာ ဖိလစ်ပို်င်စစ်တပ်ဟာ တရုတ်အပိုင် နန်ရှာကျွန်းစုဆီကို နိုင်ငံခြား သတင်းထောက်တွေကို စစ်လေယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဖိလစ်ပိုင်စစ်ဦးစီးချုပ်ကလည်း တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်က ဖန်တီးထားတဲ့ ကျွန်းတုတွေ အနားမှာ ရေကြောင်းသွားလာရေး လွတ်လပ်ခွင့်ရှိဖို့ အမေရိကန်က ကြိုးပမ်းလာရင် ကြိုဆိုမယ်လို့ ပြောထားပါတယ်။