ဟာနန်ဒက် မန်ယူ ပြန်ရောက်
တိုက်စစ်မှူး ဂျေဗီယာ ဟာနန်ဒက်ကို ရီးရဲလ်မက်ဒရစ်ကနေ မန်ယူအသင်းကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ အငှားစာချုပ်နဲ့ ရီးရဲလ်ကို ရောက်ရှိခဲ့တာပါ။
စာချုပ်ထဲမှာ ဘောလုံးရာသီအကုန်မှာ အငှားသက်တမ်းပြည့်ရင် ရီးရဲလ်က အပြီး ၀ယ်ယူနိုင်ခွင့်ပါ ထည့်သွင်းထားပါတယ်။
ဒါပေမယ့် ရီးရဲလ်က သူ့ကို ၀ယ်ယူခြင်း မရှိတဲ့အတွက် မန်ယူအသင်းကို ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။
မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့်ရတဲ့ ၃၃ ပွဲမှာ ၉ ဂိုး သွင်းပေးထားပါတယ်။
သူဟာ မန်ယူမှာတော့ ၁၅၄ ပွဲ ကစားပေးထားပြီး ၅၉ ဂိုး သွင်းထားပါတယ်။