Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်စဲရေးစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရန် ဆွေးနွေး
DVB
·
May 26, 2015
တပြည်လုံးအပစ်ရပ်စဲရေးစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရေးနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ အန်စီစီတီ ခေါင်းဆောင်တွေဟာ မေလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ၃ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။ အစည်းအဝေး ဒုတိယနေ့မှာတော့ လာမယ့် ဇွန်လဆန်းပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးပွဲမှာ တင်ပြမယ့် အချက်တွေ၊ တာဝန်ယူရှင်းလင်းမယ့်သူတွေ ရွေးချယ်ခဲ့တယ်လို့ အန်စီစီတီ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဒီဗွီဘီကို ပြောပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံ တင်ပြဆွေးနွေးဖို့ အန်စီစီတီရဲ့ တနှစ်တာ လုပ်ငန်းစဉ်နှင့် အစီရင်ခံစာကိုလည်း ဆွေးနွေးခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ ဆက်လက်ပြောဆိုခဲ့ပါတယ်။ အန်စီစီတီ ဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမူကြမ်းနဲ့ ဆက်လက် အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့အချက်တွေကို ဆွေးနွေးကြပြီး ဇွန်လဆန်း ကျင်းပမယ့် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တင်ပြမယ့် အချက်အလက်တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ယူပီဒဗလျူစီနဲ့ သဘောတူညီချက်ရထားတဲ့ အန်စီအေ မူကြမ်းကို တင်ပြဖို့ ညှိနှိုင်းခဲ့ပါတယ်။ မနက်ဖြန်မှာတော့ အန်စီစီတီက ပြုစုထားတဲ့ မူဘောင်ကို အများနဲ့ ပြန်ညှိနှိုင်းဖို့ရှိကြောင်းနဲ့ အန်စီစီတီမှာပါတဲ့ အဖွဲ့တွေအားလုံး NCA မှာ ပါဝင် လက်မှတ်ရေးထိုးနိုင်ဖို့ကိုလည်း အစိုးရကို တင်ပြဆွေးနွေးသွားမယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကိုတော့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ လာမယ့် ဇွန်လ ၂ ရက်နေ့ ကနေ ၆ ရက်ထိ ကျင်းပမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024