ချန်ပီယံဆုဖလားများနှင့် ချဲလ်ဆီးအသင်း လန်ဒန်မြို့တွင် လှည့်လည်အောင်ပွဲခံ

ချဲလ်ဆီးအသင်းဟာ ချန်ပီယံဆုဖလားတွေနဲ့အတူ လန်ဒန်မြို့မှာ မေ ၂၅ ရက်က လှည့်လည် အောင်ပွဲခံခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ အောင်ပွဲခံတဲ့ အခမ်းအနားကို လန်ဒန်မြို့ခံ ပရိတ်သတ်တွေ ထောင်နဲ့ချီပြီး ပါဝင် ဆင်နွှဲခဲ့ပါတယ်။
လန်ဒန်အခြေစိုက် ချဲလ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လိဂ်ဖလား ချန်ပီယံဆုတွေကို ဆွတ်ခူးထားပါတယ်။
ပရီးမီးယားလိဂ် ရာသီသိမ်းချိန်မှာ အပြာရောင်တပ်သားတွေရဲ့အသင်းဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။
ချဲလ်ဆီးဟာ ၂၀၁၀ နောက်ပိုင်းမှာ ချန်ပီယံဆုတွေကို တကျော့ပြန် နည်းပြ မော်ရင်ဟိုနဲ့အတူ ရယူနိုင်တာပါ။ အသက် ၃၇ နှစ် ၀ါရင့်တိုက်စစ်မှူး ဒရော့ဘာကတော့ အသင်းကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။
ဂိုးသမား ပီတာချက်လည်း အသင်းပြောင်းဖို့ နီးစပ်နေပါတယ်။ အသင်းခေါင်းဆောင် ဂျွန် တယ်ရီကတော့ ဆုဖလားကို ပြန်လည် ရယူနိုင်ဖို့ ၅ နှစ်တောင် စောင့်ခဲ့ရပြီးမှ လမ်းမပေါ်ကို ပြန်ထွက်လာနိုင်တာ ဖြစ်တယ်လို့ပြောဆိုသွားပါတယ်။
ချဲလ်ဆီးအတွက်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အသင်းရဲ့သက်တမ်းတလျှောက်မှာ ၅ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
[gallery ids="94559,94560,94561,94562,94563"]