ပင်လယ်ဖြတ်ပြီးပြောင်းရွှေ့ရန် ကြိုးပမ်းသူများအတွက် စိုးရိမ်ဟု ပုပ်ရဟန်းမင်းကြီး ပြော

ဓာတ်ပုံ (ရိုက်တာ)
691
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းပြီး ပြောင်းရွှေ့အခြေချဖို့ ကြိုးပမ်းနေကြတဲ့ လူထောင်ပေါင်းများစွာအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေ ၂၄ ရက်က ပြောဆို လိုက်ပါတယ်။
သူတို့ကို လက်ခံဖို့ သဘောထားရှိတဲ့ နိုင်ငံတွေကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ကြီးမားတဲ့ ဘေးဒုက္ခနဲ့ ရင်ဆိုင်နေ ရတဲ့သူတွေကို နိုင်ငံတကာအသိုင်းအ၀န်းက အကူအညီ ပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ပြောင်းရွှေ့အခြေချသူအရေးဟာ လူသားချင်း စာနာမှု အကြပ်အတည်းတခုအဖြစ် နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြနေချိန်မှာ ပုပ်ရဟန်းမင်းက ပထမဆုံး အခုလို မိန့်ကြားလိုက်တာပါ။
ထိုင်းနိုင်ငံမှာ လူကုန်ကူးတဲ့ လမ်းကြောင်းတွေကို ပိုက်စိပ်တိုက် ဖော်ထုတ်နေချိန်မှာ ပြောင်းရွှေ့အခြေချသူတွေဟာ ပင်လယ်ပြင်ဟာ တ၀ဲလည်လည် ဖြစ်နေပါတယ်။
လူရာပေါင်းများစွာကို တင်ထားတဲ့ လှေတွေ ပင်လယ်ပြင်မှာ မျှောနေတာကို ကုလသမဂ္ဂက ပေါလောမျောနေတဲ့ ခေါင်း တလားတွေ လို့ သုံးနှုန်းပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဘယ်လိုအကြောင်းနဲ့ပဲ နိုင်ငံကို စွန့်ခွာလာကြသူတွေ ပဲဖြစ်ဖြစ် သူတို့ အသက်ကို ကယ်တင်ဖို့ဟာ အရင်ဆုံးလုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ မေ ၂၃ ရက်က ပြောခဲ့ပါတယ်။
ဒီလထဲမှာ မလေးရှားနဲ့ အင်ဒိုနိးရှားကမ်းခြေကို ဆိုက်ရောက်သွားတဲ့ လှေစီးပြောင်းရွှေ့ အခြေချသူ ၃၀၀၀ ရှိပြီး ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ နောက်ထပ် ၃၅၀၀ လောက်ဟာ ပင်လယ်ပြင်က လှေပေါ်မှာ မျောနေတယ်လို့ ဆိုပါတယ်။