အန်ဆယ်လော့တီကို ရီးရဲလ် ထုတ်ပယ်

952
ရီးရဲလ်မက်ဒရစ်အသင်းက နည်းပြ ကာလို့စ် အန်ဆယ်လော့တီကို နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက် ပါတယ်။
ဒီနှစ် ဘောလုံးရာသီအတွင်းမှာ ရီးရဲလ်အသင်းဟာ စပိန်လာလီဂါ ချန်ပီယံဆုကို လက်လွတ်ခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွေမှာလည်း ဆီးမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး ဖလားလက်မဲ့ ရာသီကို ဖြတ်သန်း ခဲ့ရပါတယ်။
ရီးရဲလ်အသင်း ဥက္ကဋ္ဌ ဖလောရန်တီ ပီရက်ဇ်ကတော့ အခုလို ဆုံးဖြတ်ရတာ မလွယ်ကူကြောင်းနဲ့ ရီးရဲလ် အသင်းရဲ့ တောင်းဆိုမှုက မြင့်မားကြောင်း ပြောဆိုထားပါတယ်။
ရီးရဲလ်က နည်းပြ အန်ဆယ်လော့တီကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူထားပြီး လာမယ့် ရာသီအကုန်မှာ စာချုပ် သက်တမ်း ပြည့်မှာပါ။
သူဟာ ရီးရဲလ်ကို စတင် ကိုင်တွယ်တဲ့ ၂၀၁၃၊ ၂၀၁၄ ခုနှစ် ဘောလုံးရာသီမှာ အသင်းကို စပိန်ဘုရင့်ဖလားနဲ့ ၁၀ ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ် ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
စပိန် မီဒီယာတွေကတော့ အထုတ်ခံရတဲ့ နည်းပြ အန်ဆယ်လော့တီရဲ့ နေရာမှာ အီတလီ စီးရီးအေ အသင်းနည်းပြ ရာဖေး ဘင်နီတတ်ဇ်ကို အစားထိုးလိမ့်မယ်ဆိုပြီး ခန့်မှန်းနေပါတယ်။
ရီးရဲလ်အသင်းရဲ့ ဥက္ကဋ္ဌ ပီရက်ဇ်ကတော့ နည်းပြသစ်ရဲ့ နာမည်စာရင်းကို လာမယ့် အပတ်ထဲမှာ ကြေညာ သွားမှာ ဖြစ်ပါတယ်။