Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမားတဦး ဓားထိုးအသတ်ခံရ
DVB
·
May 25, 2015
ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆုန်ခရမ်းခရိုင် ဆမွတ်ဆုန်ခရမ်းမြို့မှာ မြန်မာ အလုပ်သမား တဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ မယ့်ကလောင်းဈေးကြီးအတွင်း ပင်လယ်စာအရောင်းဆိုင်မှာ အလုပ်လုပ်နေသူ  အသက် ၂၄ နှစ်ရွယ် မြန်မာအလုပ်သမား ကိုထွန်းထွန်းဟာ မေလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ရေခဲပုံး တွေပေါ်မှာ အိပ်စက်နားနေရင်း လူတယောက်ဝင်လာပြီး ဓားနဲ့ ထိုးသတ်သွားတာလို့ သူ့ရဲ့ အလုပ်ရှင် နန်းရတ်တနားက အခင်းဖြစ်ပွားရာနေရာ လာရောက်စစ်ဆေးတဲ့ ရဲစခန်း တာဝန်ရှိသူတွေကို ပြောပြပါတယ်။ မြန်မာအလုပ်သမားဟာ လည်ပင်းမှာ ပြတ်လုနီးပါးနဲ့ ဘယ်ဘက်လက်မောင်းမှာပါ ဓား ဒဏ်ရာ ၂ ချက် ရခဲ့တယ်လို့ တာဝန်ကျရဲမေ ဗိုလ်မှူး ဆကုနီချူရာဆီ က  ပြောပါတယ်။ ရဲတပ်ဖွဲ့က အဲဒီအနီးတ၀ိုက်မှာတပ်ထားတဲ့ စောင့်ကြည့်ကင်မရာကို စစ်ဆေးကြည့်ရှုရာမှာ   မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၂၃ မိနစ်အချိန်က အနက်ရောင်ဘောင်းဘီရှည်၊ အပြာရောင်တီရှပ်လက်ရှည် ၀တ်ဆင်ထားသူ ပိန်ပိန်ရှည်ရှည် လူတဦး ဆိုင်ကယ်နဲ့ ရောက်ရှိ လာပြီး ၃ မိနစ်အကြာ သေသူကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတာ၊ သေသူက ထလာပြီး အကူအညီတောင်းဖို့ ပြေးထွက်လာစဉ် လဲကျသေဆုံး သွားတာတွေ့ရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က လူသတ်တရားခံကို လိုက်လံရှာဖွေရာမှာ မကြာခင်အချိန်တွင်းမှာပဲ မြို့တွင်း လမ်းဘေးတနေရာ အ၀တ်အစားလဲပြီး ထွက်ပြေးဟန်ပြင်နေတဲ့ လူသတ်သမားကို ဖမ်းဆီးရမိ ခဲ့ပါတယ်။ စစ်ဆေးချက်အရ လူသတ်သမားဟာ  အသက် ၂၂ ရွယ်ရှိ မြန်မာအလုပ်သမား ကိုသန်းအောင် ဆိုသူဖြစ်ပြီး အဲဒီဈေးထဲမှာပဲ အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ လူသတ်မှုနဲ့ လူသတ်ရတဲ့အကြောင်းရင်းတွေကိုတော့ ၀န်မခံသေးတဲ့အတွက် ရဲစခန်းက အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းထောက်တွေကို ပြောသွား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024