A d v e r t i s e m e n t With Us

မြောက်ကိုရီးယားအမျိုးသမီး ၃၀ ဦး ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖြစ် စစ်မဲ့ဇုန်ကို ဖြတ်သန်း

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားအမျိုးသမီး အယောက် ၃၀ ပါဝင်တဲ့ အုပ်စုတခုဟာ ငြိမ်းချမ်းရေးလှုပ်ရှားမှုအနေနဲ့ တောင်နဲ့မြောက် ၂ နိုင်ငံကြားက စစ်မဲ့ဇုန်ကို ဖြတ်သန်းပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့က ရောက်ရှိလာကြပါတယ်။ အဲဒီအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ပန်မွန်ဂျုံးရွာကို ဖြတ်လျှောက်လာချိန်မှာ နှစ်ဖက်တပ်ဖွဲ့တွေ လက်နက်တွေ ချထားကြခဲ့ကြပြီး သူတို့ဟာ တောင်ကိုရီးယားနိုင်ငံကို ဂျယ်အွန်ဂွီ မီးရထားလမ်းတလျှောက် ဘတ်စ်ကားစီးပြီး ရောက်လာကြတာပါ။ မြောက်ကိုရီးယား နယ်စပ်မြို့ ဂယ်ဆွန်းကနေ မေ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ထွက်ခွာလာတဲ့ အမျိုးသမီးတွေဟာ ၄ ကီလိုမီတာလောက် လုံခြုံရေးထူထပ်တဲ့ စစ်မဲ့ဇုန်ကို ဒေသစံတော်ချိန် ၁၁ နာရီ ၂၅ မိနစ်လောက်မှာ ဖြတ်ကျော်ခဲ့ကြတာပါ။ ဒီလှုပ်ရှားမှုထဲမှာ နိုဘယ်လ်ဆုရှင်တွေဖြစ်တဲ့ လိုက်ဘေးရီးယားမှ လေမာ ဂျီဘိုဝီနဲ့ မြောက်အိုင်ယာလန်မှ မိုင်ရိဒ် မက်ဂွိုင်ယာတို့လည်း ပါဝင်ပါတယ်။ ပြန်လည်ပေါင်းစည်းထားတဲ့ ကိုရီးယားနိုင်ငံ တည်ထောင်နိုင်ဖို့ အာရုံစိုက် ပုံဖော်နေတဲ့ ဒီလှုပ်ရှားမှုမှာ ဂုဏ်ထူးဆောင် ပူးတွဲဥက္ကဋ္ဌဖြစ်တဲ့ မက်ဂွိုင်ယာ ပြောတာကတော့ “ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းတဲ့ ကိုရီးယားနိုင်ငံအတွက် လုပ်ဆောင်နေကြတဲ့ အနှစ် ၇၀ နီးပါးလောက် ကွဲကွာနေရတဲ့ ကိုရီးယားမိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ရေးအတွက်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေကို အားပေးနိုင်ဖို့အတွက်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တခု ရှိလာဖို့အတွက် တောင်ပိုင်းနဲ့ မြောက်ပိုင်းက ပြည်သူတွေအားလုံးကို အားပေးကူညီဖို့ပါ။ နှစ်ပေါင်း ၇၀ နီးပါးလောက် ကြာပြီးနောက်မှာတော့ ကျမတို့မှာ အပစ်အခတ် ရပ်စဲရေးပဲ ရသေးတယ်လေ။ ခုချိန်က ငြိမ်းချမ်းရေးသဘောတူညီချက် ရဖို့နဲ့ ကိုရီးယားမှာ စစ်ကို အဆုံးသတ်ရတော့မယ့် အချိန်ပါ။” လို့ ဆိုပါတယ်။ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က မြောက်ကိုရီးယားကို နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံတွေ ကျင်းပဖို့ ရောက်ရှိလာခဲ့တာပါ။ သူတို့ဟာ မေ ၂၄ ရက်နေ့မှာ  မြောက်ကိုရီးယားကနေ ပြန်မထွက်ခွာခင် ဂယ်ဆွန်းမှာ လူထုချီတက်ပွဲတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ လုပ်ဆောင်မယ့် ငြိမ်းချမ်းရေးချီတက်ပွဲမှာတော့ တောင်ကိုရီးယား ပြည်သူ အယောက် ၃၀၀ ကျော်လောက် သူတို့အဖွဲ့ကို ပူးပေါင်းပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။ ဒီအုပ်စုဟာ လာမဲ့ မေ ၂၆ ရက်နေ့ ချီတက်ပွဲမတိုင်ခင် မေ ၂၅ ရက် ဒီနေ့မှာတော့ ငြိမ်းချမ်းရေးဖိုရမ်တခုကို ဆိုးလ်မှာ ကျင်းပကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up