ပါကစ္စတန် သမ္မတ၏သား ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ၊ လူ ၃ ဦးသေဆုံး

862
ပါကစ္စတန်နိုင်ငံ ဟပ်မြို့မှာ သမ္မတရဲ့သား ခရီးစဉ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတခု မေလ ၂၄ ရက်နေ့က ဖြစ်ခဲ့ပြီး လူ ၃ ယောက်သေ၊ တဒါဇင်ကျော် ဒဏ်ရာရသွားပါတယ်။ စားသောက်ဆိုင် တဆိုင်ရဲ့အပြင်ဘက် လမ်းဘေးမှာ လက်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့တာလို့ ရဲအဖွဲ့က ပြောပါတယ်။
ဗုံးကို မော်တော်ဆိုင်တစီးမှာ ထောင်ထားခဲ့ပြီး သမ္မတရဲ့သားဖြစ်သူ ဆယ်လမန် ဟက်စိန်ကို ပစ်မှတ်ထားပုံရတယ်လို့ အရာရှိတယောက်က ပြောပါတယ်။
ဆယ်လမန် ဟက်စိန်ရဲ့ကားတန်း ဖြတ်သွားပြီး သိပ်မကြာခင်မှာပဲ ပေါက်ကွဲမှု ဖြစ်တာဖြစ်လို့ ဆယ်လမန် ဟက်စိန်ကတော့ အထိအခိုက် မရှိပါဘူး။ ဒါပေမ့ယ် ခရီးစဉ်လုံခြုံရေးကို တာဝန်ယူထားတဲ့ ကွန်မန်ဒို ၄ ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကတော့ မသိနိုင်သေးပါဘူး။
ဟပ်မြို့ဟာ အီရန်နဲ့ နယ်စပ်မြို့ဖြစ်ပြီး၊ ဘလုချစ်စတန် ခရိုင် အနောက်တောင်ပိုင်းမှာ တည်ရှိပါတယ်။ အဲဒီမြို့မှာ မွေးမြူရေး ခြံတခြံရှိပြီး ဆယ်လမန် ဟက်စိန် မကြာခဏ သွားလေ့ရှိပါတယ်။
ဘလုချစ်စတန် ခရိုင်မှာ အစ္စလာမ္မစ် အစွန်းရောက်အုပ်စုတွေလည်း အခြေစိုက်ပြီး ရေနံနဲ့ တွင်းထွက်အရင်းအမြစ်ကို တန်းတူ ခွဲဝေသုံးစွဲခွင့်အတွက် အစိုးရကို တောင်းဆိုနေကြပါတယ်။