လှေစီးဒုက္ခသည်များအရေးနဲ့ မေတ္တာထားကြပါ (ဆောင်းပါး)
DVB
·
May 25, 2015
ဘန်ကောက်ပို့စ်သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်ကဏ္ဍ အယ်ဒီတာ ဆနစ်ဆူဒါ အက်ကာချိင်းနဲ့ သူ့သမီးငယ်တို့ သည်မောလ် ကုန်တိုက်ကြီးမှာ ဈေးဝယ်ထွက်နေကြတဲ့ အချိန်မှာ ထိုင်းဒုက္ခသည် ကူညီစောင့်ရှောက်ရေး အင်ဂျီအို တွေက စေတနာ့ဝန်ထမ်း လူငယ်လေးတွေက ဈေးဝယ်လာ သူတွေကို နီပေါလ် မြေငလျှင်ဒဏ်ခံရအတွက် ဒုက္ခသည်တွေအတွက် စေတနာ ရှိသလောက်လှူဒါန်းကြဖို့ အလှူခံဌာနကလေး ဖွင့်ထားတာကို တွေ့တဲ့အတွက် ဆနစ်ဆူဒါ ရဲ့ သမီးငယ်က လှေစီးရိုဟင်ဂျာဒုက္ခသည်တွေအတွက်ရော အလှူခံဌာန ထပ်ဖွင့်ရဦးမှာပေါ့နော် မေမေလို့မေးခဲ့တာကို ဆနစ်ဆူဒါက သူ့ရဲ့ မေတ္တာထားကြပါလို့ နာမည်ပေးထားတဲ့ ဆောင်းပါးမှာ ထည့်ရေးသွားခဲ့တာကို မနေ့ကပဲ ကျနော်ဖတ်လိုက်ရပါတယ်။
နာမည်ကြီး နီပေါလ်မြေငလျှင်ဒဏ်ခံ ဒုက္ခသည်တွေကို နိုင်ငံတကာက ကူညီထောက်ပံ့နေသလို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်က သက်စွန့်ဆံဖျား လှေစီးထွက်ပြေးလာတဲ့ ဒုက္ခသည် အရေးဟာ လည်း အရေးကြီးလာပြီလို့ ဗဟုသုတကြွယ်ဝတဲ့ သူ့သမီးငယ်က ခံစားမေးမြန်းလာတာကို အစချီပြီး ဆနစ်ဆူဒါက သူတို့တိုင်းနိုင်ငံရဲ့ လှေစီးဒုက္ခသည်အရေးမှာ လူသားချင်းစာနာမှုမဲ့ သူ့နိုင်ငံရေပိုင်နက်ကနေ ပြန်နှင်ထုတ် နေတဲ့လုပ်ရပ်တွေကို သတိပေး ရေးသားလိုက်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့အာဏာသိမ်း ဗိုလ်ချုပ်ဝန်ကြီးချုပ်ကတော့ လှေစီးဒုက္ခသည်တွေဟာ ဒုက္ခသည် မဟုတ်ဘူး သူတို့နိုင်ငံထဲကို ၀င်ရောက်ခွင့်မပြုနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ထိုင်းရေတပ်ကလည်း ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့လှေတွေ သူ့နိုင်ငံရေပိုင်နက်ထဲ ၀င်ရောက်လာတာတွေ့ရင် သောက်ရေ စတဲ့ အရေးတကြီး လိုအပ်တဲ့အရာတွေကို ပေးကမ်းတာရှိပေမယ့် သူ့နိုင်ငံ ရေပိုင်နက်ထဲ ၀င်ရောက်မှာကို တားဆီးပြီး ပင်လယ်ပြင်ကြီးထဲမှာပဲ ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့ကြ ပါတယ်။ အဲဒီလိုနဲ့ အကြောင်းအမျိုးအမျိုးနဲ့ နစ်မြုပ်လို့ သေဆုံးခဲ့ရတဲ့ ကလေးလူကြီး ကျားမ ဒုက္ခသည်တွေဟာလည်း များလှပါပြီ။
ဒါပေမယ့် ခုရက်ပိုင်းအတွင်းမှာ အစကအဲဒီလိုပဲ သူတို့နိုင်ငံရေပိုင်နက်ထဲကို အ၀င်မခံခဲ့တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ ကတော့ သူတို့နိုင်ငံမှာ အဲဒီ မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟိင်ဂျာ ဒုက္ခသည် ၇၀၀၀ ကို လက်ခံမယ်လို့ တရားဝင်ပြောကြားခဲ့ပြီး မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ကတော့ သူ့နိုင်ငံရဲ့ ရေတပ်ကို ပင်လယ်ပြင်ထဲမှာလွင့်မျောနေတဲ့ ဒုက္ခသည်တင် လှေတွေကို ရှာဖွေကယ်ဆယ်ပေးဖို့ အမိန့်ပေးထားခဲ့ပါပြီ။
ဒီလှေစီးဒုက္ခသည်အရေးဟာ ခုချိန်မှာ သက်ဆိုင်ရာနိုင်ငံတွေက အရေးတကြီးစဉ်းစားရမယ့် လူ့အခွင့်အရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးဖြစ်လာပြီလို့ ပြောရမှာပါပဲ။
ဒီနေ့မေလ ၂၁ ရက်နေ့မှာ မလေးရှား၊ အင်ဒိုနီးရှားက နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို သွားရောက်ပြီး လှေစီးဒုက္ခသည်တွေအရေးကိုဆွေးနွေးခဲ့ကြသလို အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အင်ထနီ ဘလင်းကင်း ကလည်း မြန်မာနိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ ကိစ္စဟာ လှေစီးဒုက္ခသည် အကြပ်အတည်းကို ပိုပြီးဆိုးဝါးစေတဲ့အတွက် အဲဒီအခြေအနေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ပေးဖို့ အစိုးရရဲ့ တာဝန်ရှိမှုအရ ရိုဟင်ဂျာတွေ အနေနဲ့သူတို့ဟာ အဲဒီလိုအသက်နဲ့ရင်းပြီး ပင်လယ်ပြင်က လှေစီးထွက်ပြေးဖို့ပဲရှိတယ်လို့ မခံစားကြရအောင် ရခိုင်ပြည်နယ်တွင်း အခြေအနေကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးဖို့ တိုက်တွန်းဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံမဲ့တွေကို တိုင်းရင်းသားလူမျိုးစု တခု အဖြစ်လက်မခံနိုင်ဘူးဆိုတဲ့ အချက်ကိုပဲ ကိုင်စွဲထားပြီး လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံသားလို့ အမှန်တကယ် စိစစ်လို့ ရတဲ့သူတွေကို ပြန်လည်လက်ခံ စီစဉ်ဆောင်ရွက်ပေးမယ့်အကြောင်း တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတရုံး ညွှန်ကြားရေးမှူး ဇော်ဌေးကတော့ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို စကတည်းက လက်မခံနိုင်ဘူးလို့ ပြောထားပြီးဖြစ်တဲ့အတွက် သူတို့က ရိုဟင်ဂျာ နဲ့ပတ်သက်ပြီး ဆက်ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ဒီနေရာမှာ လက်မခံနိုင်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။
သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကလည်း ဒီလှေစီးဒုက္ခသည်တွေ အရေးဟာ အဓိက လူမှောင်ခိုကုန်ကူးသူတွေ ကြောင့်သာဖြစ်တဲ့ အကြောင်းတုံ့ပြန်ခဲ့ပြီး စစ်အရေခွံလဲ အစိုးရရဲ့တာဝန်ရှိမှုကို ငြင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံသားလို့ စိစစ်မရတဲ့ လူတွေကိုတော့ ပင်လယ်ပြင်ထဲကိုပဲ ပြန်တွန်းပို့ရမှာပဲလို့ဆိုတဲ့ သဘောပါပဲ။
တကယ်တော့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တင်ဆောင် လှေအစီးပေါင်း ဘယ်လောက်ရှိခဲ့၊ ဘယ်လောက်ပင်လယ်ပြင်မှာ နစ်မြုပ်သေဆုံးခဲ့ အရေအတွက် ဘယ်လောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီလည်း ဆိုတာကို အတိအကျ မပြောနိုင်အောင် ဖြစ်နေခဲ့၊ သလို အဲဒီသူတွေကို လူမှောင်ခိုကုန်ကူးသူတွေကလည်း ကုန်းလမ်းကမရရင် ရေလမ်း၊ ဒီရေလမ်းက မရရင် တခြားရေလမ်းကနေ ပို့ဆောင်ပေးဖို့ ကြိုးစားနေကြတယ်ဆိုတာကို ဒီအရင် ထိုင်းနဲ့ မလေးရှားနယ်စပ် ထိုင်းဘက်ခြမ်းမှာ လူတွေ အစုလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေ တွေ့ရှိခဲ့တာနဲ့ပတ်သက်တဲ့ ဆောင်းပါးမှာ ကျနော် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။
လူသားတယောက်အနေနဲ့ အသက်ရှင်နေထိုင်ဖို့ အဆင်ပြေ အန္တရာယ်ကင်းတဲ့ နေရာက လူတွေကို လူမှောင်ခိုကုန်ကူးသူတွေက ခေါ်ယူလို့ရနိုင်ပါ့မလား။ သူတို့ဘာလို့ဒီလို အသက်အန္တရယ်ရှိတဲ့ လမ်းကို စွန့်ရွေးချယ်ခဲ့ကြတာပါလဲ။ ဒီအကြောင်းရင်းကိုတော့ လူစိတ်ကင်းမဲ့တဲ့ မြန်မာစစ်အရေခွံလဲ အစိုးရက ပြောခဲ့ပါဘူး။
အဲဒီလှေစီးဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ပင်လယ်ပြင်အန္တရာယ်ခရီးကို အသက်စွန့်ဖြတ်ပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေကြတာဟာ ကျနော်တို့အရှေ့တောင်အာရှ ဒေသတခုတည်းမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။
၂၀၀၈ ခုနှစ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ မြေထဲပင်လယ်ရှေ့ဘက် လမ်းကြောင်းကနေ ဥရောပနိုင်ငံတွေကို တရားမ၀င် ၀င်ရောက်လာမှု မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ ၅၁ ရာခိုင်နှုန်းဟာ ဂရိနိုင်ငံကတဆင့် ဥရောပကို ၀င်ရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့်ဂရိအာဏာပိုင်တွေရဲ့ ဂရိ - တူရကီ နယ်စပ်ကို သံဆူးကြိုး ကာလိုက်တာ အပါအ၀င် နယ်စပ်ဒေသ ထိန်းချုပ်မှုတိုးမြှင့်လိုက်အပြီး ၂၀၁၃ ခုနှစ်မှာတော့ ပြန်ပြီး ကျဆင်းသွားခဲ့ပါတယ်။ အနောက်အာဖရိကကမ်းလွန်မှာ ရေပြင်လုံခြုံရေး ကင်းလှည့်မှုတွေ တိုးမြှင့်လိုက်ပြီးတဲ့ အချိန်မှာလည်း မြေထဲပြင်လယ် အနောက်ဘက် လမ်းကြောင်းကနေ စပိန်နိုင်ငံကို ကူးပြောင်းဝင်ရောက်လာသူတွေကို ထိန်းချုပ်နိုင်လာခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ ကင်မရွမ်း၊ ဗဟို အာဖရိကသမ္မတနိုင်ငံ၊ ချတ်၊ မာလီ၊ နိုင်ဂျီးရီးယား၊ ဆူဒန် နဲ့ တောင်ဆူဒန် နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်စပ်ဖြတ်ကျော် ခိုလှုံခွင့်ရဖို့ ကြိုးစားခဲ့ကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ အကြီးအကျယ် များပြားလာခဲ့ပါတယ်။ စပိန်ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အဆိုအရ ၂၀၁၃ နှစ်ကထက် ၂၀၁၄ ခုနှစ်မှာ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ၁၂၅၄၉ ယောက်ရှိလာခဲ့ပြီး ၇၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
ခုချိန်မှာတော့ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ လက်ဘနွန် ပြည်တွင်း စစ်တွေကြောင့် စစ်ဘေးသင့် စစ်ဘေးရှောင် ဒုက္ခသည် ဘယ်လောက်များများ ပင်လယ်လမ်းကြောင်း၊ ကုန်းလမ်းကြောင်းတွေနဲ့ နီးစပ်ရာ နိုင်ငံတွေကို ကူးပြောင်းဝင်ရောက်နေကြပြီ ဆိုတာကို နိုင်ငံတကာ သတင်းမီဒီယာတွေ မှာ တွေ့နေရပါပြီ။ အလွန်အန္တရာယ်များတဲ့ အခြေအနေဖြစ်နေတဲ့ ယီမင်နိုင်ငံကိုတောင် ၂၀၁၄ ခုနှစ်မှာ အာဖရိကန် ရွှေ့ပြောင်းဒုက္ခသည် ခိုလှုံခွင့် ရှာဖွေလာသူတွေ အများကြီး ပိုများလာတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိအရာရှိတွေက ပြောပါတယ်။
ယီမင်နိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ရဲ့ ဆက်သွယ်ရေး အရာရှိ နစ်ခ်စတင်တန် က “ ၂၀၁၄ ခုနှစ်မှာ ၂၀၁၃ ခုနှစ်က အရေအတွက် ၆၅၀၀၀ နဲ့ယှဉ်ရင် အာဖရိက ဦးချို ဒေသကလာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၈၂၀၀၀ ကျော် ယီမင်နိုင်ငံကို ရောက်လာခဲ့ ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါတွေဟာ ဒီကနေ့ ကျနော်တို့ကမ္ဘာကြီးမှာ တကယ်ဖြစ်နေတာပါ။ ဒါပေမယ့် နိုင်ငံတနိုင်ငံမှာ မှီတင်းအသက်ရှင်နေထိုင် နေကြတဲ့ လူတွေဟာ သူတို့အတွက် လုံလုံခြုံခြုံ အသက်မွေး နေထိုင်နိုင် ကြမယ်ဆိုရင် မွေးရပ် ဒါမှမဟုတ် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ ဒေသတွေကနေ အသက်စွန့် စွန့်ခွာပြီး သူတို့မသိတဲ့ ဒေသ၊ နိုင်ငံတွေမှာသွားရောက် ဘ၀ကို အသစ်က ပြန်စဖို့ဘယ်လိုမှ စဉ်းစားစရာ အကြောင်းရှိမှာ မဟုတ်တာကတော့ သေချာပါတယ်။ သူတို့ဟာ ကိုယ့်ဘ၀ တက်လမ်းရှာဖွေဖို့ နိုင်ငံရပ်ခြားမှာ သွားရောက်အခြေချ တတ်ကြတဲ့ ပညာတတ် နဲ့ စီးပွားရေးသမားတွေ မဟုတ်ကြပါဘူး။ အဓိက ပြဿ နာကတော့ သူတို့နေရင်းဒေသ၊ နေရင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အုပ်ချုပ်တဲ့ အစိုးရတွေရဲ့ ဖိစီးနှိပ်စက်မှု၊ အသက်ရှင်နေထိုင်ဖို့တောင် မလုံလောက်တဲ့ ၀င်ငွေနဲ့ဆင်းရဲ မွဲတေမှုတွေရဲ့ ဒဏ်ကို မခံနိုင်ကြတော့တဲ့ အဆုံး၊ ဒီလိုမှ ထွက်မပြေးရင် သူတို့ရဲ့အသက်အန္တရယ် ကြုံရတဲ့ အထိဖြစ်လာတဲ့ အကြောင်းကြောင့်သာ ဒီလိုလှေစီးဒုက္ခသည်အဖြစ်ကို မတတ်သာ၊ ရွေးချယ်စရာ မရှိတော့တဲ့ အဆုံးမှ ရောက်လာကြတာပါ။
ဒါကို ၀င်ရောက်ခံရတဲ့ နိုင်ငံတွေက အစိုးရတွေ အနေနဲ့ လူမှောင်ခိုကူးမှု တခုတည်းကိုပဲ အပြစ်ပုံချပြီး လူမှောင်ခိုကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ကိုပဲ အလေးထားပြီး ပြသနာရဲ့ ရင်းမြစ်ကို ဖယ်ရှားရှင်းလင်းပစ်ဖို့ မကြိုးစားဘူးဆိုရင်တော့ ခုအရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိကဒေသတွေမှာဖြစ်နေတဲ့ လှေစီး၊ ကားစီး၊ ကုန်းကြောင်းလျှောက် နယ်စပ်ဖြတ်ကျော် ဒုက္ခသည်အရေးကို ဆက်ပြီး ကြုံတွေ့နေရဦးမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
စိုးနေလင်း