A d v e r t i s e m e n t With Us

ချဲလ်ဆီးကို ဒုတိယအကြိမ် စွန့်ခွာသွားသည့် ဒရော့ဘာ

ဓာတ်ပုံ (ရိုက်တာ)
တိုက်စစ်မှူး ဒရော့ဘာဟာ ချဲလ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် စွန့်ခွာသွား ပါတယ်။ မေ ၂၄ ရက်နေ့က ဆန်းဒါးလန်းကို အနိုင်ရတဲ့ ပွဲစဉ်ဟာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူး ဒရော့ဘာရဲ့ နောက်ဆုံး ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဒရောဘာက ပွဲစကတည်းက ပါဝင်ကစားခဲ့သလို နောက်ပိုင်းမှာ တိုက်စစ်မှူး ကော့စတာနဲ့ လူစားလဲခဲ့ပါတယ်။ ကွင်းထဲက ထွက်တော့မယ့် ဒရောဘာကို အသင်းဖော်တွေက ချီမြောက်ပြီး ကွင်းပြင် အထိ လိုက်လံ ပို့ဆောင်ဂုဏ်ပြုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင်နဲ့ ပရိသတ်တွေကလည်း ဒရောဘာကို အားပေးခဲ့ပါတယ်။ ၀ါရင့် တိုက်စစ်မှူး ဒရော့ဘာကို ချဲလ်ဆီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ထပ်မံ ခေါ်ယူခဲ့တာပါ။ ချဲလ်ဆီးကို အနာဂတ်မှာ ပုံစံတမျိုးနဲ့ ပြန်လည် ရောက်လာဖို့ မျှော်လင့်ပါတယ်လို့လည်း ဒရော့ဘာက ပြောပါတယ်။ သူဟာ ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၁၂ မှာ ချန်ပီယံလိဂ် ချန်ပီယံဆုကို ရယူအပြီးမှာ အသင်းကို စွန့်ခွာခဲ့တာပါ။ အဲဒီနောက်မှာ တရုတ်ကလပ် ရှန်ဟိုင်း ရှန်ဟူဟာနဲ့ တူရကီကလပ် ဂါလာတာစာရေး တို့မှာ သွားရောက် ကစားခဲ့ပြီး ချဲလ်ဆီးကို ပြန်လည် ရောက်ရှိလာတာပါ။ တိုက်စစ်မှူးဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်နဲ့ အက်ဖ်အေဖလား ၄ ကြိမ် အသီးသီး ရဖူးထားပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင် တိုက်စစ်မှူး ဒရော့ဘာဟာ ချဲလ်ဆီးကို ၂၀၀၄ ခုနှစ်မှာ စတင် ရောက်ရှိလာပြီး လိဂ်ပွဲ ၂၅၃ ပွဲမှာ ၁၀၄ ဂိုး သွင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up