အလေးချိန် ၂၂၇ ကီလိုရှိ ဗုံးကြီးကို ကမ္ဘောဒီးယား ရေငုပ်သမားများ တွေ့ရှိ

ကမ္ဘောဒီးယားမိုင်းလှုပ်ရှားမှုဌာနက ရေငုပ်သမားများအဖွဲ့က မဲခေါင်မြစ်ထဲက အလေးချိန် ၂၂၇ ကီလိုရှိတဲ့ MK 82 ဗုံးကြီးကို ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က ရှာတွေ့ခဲ့ပါတယ်။ ကန်ဒယ်ခရိုင်ထဲက မဲခေါင်မြစ်ကြမ်းပြင်မှာ နစ်မြုပ်နေတဲ့ ဗုံးကြီးကို ဖြည်းဖြည်းချင်း သတိထား ဆယ်ထုတ်ခဲ့ကြတာပါ။ The Golden West လူသားချင်းစာနာမှု ဖောင်ဒေးရှင်းနဲ့ ကမ္ဘောဒီးယားမိုင်းဌာနတို့က နိုင်ငံတွင်းသံသယဖြစ်ဖွယ် ရေအောက် စစ်လက်နက်ပစ္စည်း ညစ်ညမ်းမှုတွေကို ပုံမှန်စစ်တမ်း ကောက်နေခဲ့ကြပါတယ်။ ဧပြီလကုန်ပိုင်းက ငါးဖမ်းသမားတယောက်က ရေထဲမှာ ဗုံးရှိတယ်လို့ သံသယရှိကြောင်း စစ်တမ်းအဖွဲ့ကို သတင်းပို့ခဲ့ပါတယ်။ အဖွဲ့ရဲ့ ရေငုပ်သမားက ရေအောက်ရှာဖွေမှုတွေ လုပ်ခဲ့ပြီး ကမ္ဘောဒီးယား ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန် စစ်လေယာဉ်တွေက ကြဲချခဲ့တဲ့ ဗုံးရှိကြောင်း အတည်ပြုခဲ့ပါတယ်။ စစ်ပွဲအတွင်း အမေရိကန် လေတပ်က ဗုံး တန်ချိန် ၅ သိန်း ၄ သောင်း ကြဲချခဲ့လို့ အရပ်သား ၁ သိန်းခွဲကနေ ၅ သိန်းအထိ သေဆုံးခဲ့ပါတယ်။ ဒီဗုံးကြီးကို ပြန်ဆယ်တင်ရတာ နာကျင်ရတယ်လို့ ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူးက ပြောပါတယ်။ ရေအောက်ထဲမှာ ဗုံးကို မမြင်ရဘဲ ဘယ်အပိုင်းက ဘာပျက်နေတယ်ဆိုတာ ခံစားရုံပဲ တတ်နိုင်လို့ ဒီဗုံးကလည်း အန္တရယ် ရှိ မရှိ ခန့်မှန်းရ အင်မတန် ခက်တယ်လို့ ရေငုပ်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဗုံးကိုတော့ လယ်ကွင်းတခုထဲ ယူသွားပြီး ခေါင်းနဲ့ အမြီးကို ဖြုတ်ခဲ့တာပါ။ မိုင်းရဲ့ ကိုယ်ထည်ကိုတော့ ကမ်ပွန်ချန်ခရိုင်မှာ နောက်ပိုင်းမှ ဖျက်ဆီးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="94088,94089,94090,94091,94092,94093"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up