ထိုင်းစစ်တပ် အာဏာလက်လွှတ်ဦးမည်မဟုတ်ဟု နိုင်ငံရေးအကဲခတ်များပြော

ထိုင်းနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကြောင့် တည်ငြိမ်လာခဲ့ပြီး အတိုက်အခံ နိုင်ငံရေးပါတီတွေကြား အကြမ်းဖက်ပဋိပက္ခတွေ ရပ်တန့်ခဲ့တာ ၁ နှစ်ပြည့်ဖြစ်ပေမယ့် စစ်အစိုးရက တိုင်းပြည်ကို တင်းတင်းကျပ်ကျပ် ခြေကုပ်ယူထားပြီး အာဏာကို လက်လွှတ်မယ့်လက္ခဏာ မပြဘူးလို့ နိုင်ငံရေးစောင့်ကြည့်သူတွေက ပြောဆိုလိုက်ပါတယ်။ ၆ လ ကျော်ကြာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ၊ တော်ဝင်မျိုးနွယ်ကို သစ္စာခံသူတွေနဲ့ ထင်ပေါ်ကျော်ကြားရေးဝါဒီ အစိုးရတို့ကြား အာဏာလွန်ဆွဲပွဲကို ညှိနှိုင်းဖို့ ငြင်းဆန်အပြီး အကြမ်းဖက်မှုတွေနဲ့ တိုင်းပြည်စီးပွားရေး ထိခိုက်မှုတွေကြောင့် ဗိုလ်ချုပ်ကြီး ပရာယုဒ်  ချန်အိုချာခေါင်းဆောင်တဲ့ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တာပါ။ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ရပ်တန့်ပြီး တည်ငြိမ်အေးချမ်းခဲ့ပေမယ့် အကဲခတ်တွေ ကတော့ လွတ်လပ်စွာ ပြောဆိုခွင့် ကန့်သတ်ခံ ရတယ်လို့ ပြောပါတယ်။ ချူလာလောင်ကွန်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပါမောက္ခ ထိသိနန် ပွန်စူဒီရတ်ခ်က “စစ်အစိုးရဟာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့နဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်ခွင့်ပြန်ရဖို့ ဖိအားတွေ အများကြီးကို ရင်ဆိုင်နေရပေမယ့် အာဏာကို ဆက်ပြီး ဆုပ်ကိုင် ထားချင်နေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ရိုးရိုးရှင်းရှင်း လုပ်ပေးမယ့်ပုံ မပေါ်ဘူး။ ရွေးကောက်ခံ နိုင်ငံရေးသမားတွေကိုလဲ အာဏာလွှဲပေးမယ့်ပုံ မရှိဘူး” လို့ ပြောပါတယ်။ စစ်အစိုးရက ရေးဆွဲနေတဲ့ အခြေခံဥပဒေသစ်ကိုတော့ ရာထူးမှာ ဖြုတ်ချခံ ဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ သူမဟာမိတ်တွေ အာဏာပြန်မရအောင် တားဖို့ ရည်မှန်းရေးဆွဲနေတယ်လို့ ရှုမြင်နေကြပါတယ်။ ရှပ်နီအုပ်စုလို့ သိကြတဲ့ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအတွက် ညီညွတ်သော တပ်ဦး(ယူဒီဒီ)အဖွဲ့ဝင်ဟောင်း နတ်တာဝပ် ဆိုင်ကူအာကတော့ စစ်အစိုးရက ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့ ဒီမိုကရေစီ နည်းလမ်းကျ အခြေခံဥပဒေကို ဖွဲ့စည်းနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ စစ်အစိုးရ ပြောနေတဲ့ လမ်းပြမြေပုံရဲ့ မူဘောင်က ပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ ဘဝပြဿ  နာကို ဖြေရှင်းနိုင်မှာလဲ မဟုတ်ဘူး။ အခြေခံဥပဒေ သက်သက်ပဲ သူတို့မှာ ရှိလိမ့်မယ်လို့ ပြောပါတယ်။ တချို့ လူတွေ ကတော့ တိုင်းပြည်တွင်း တရားဥပဒေ စိုးမိုးမှုရတယ် လို့ ပြောရင်း အာဏာသိမ်းတာကို ထောက်ခံကြောင်း ပြောခဲ့ကြပါတယ်။ ထိုင်းပြည်သူတွေက မစည်းလုံးဘဲ အဂတိ လိုက်စားမှု အများကြီး ရှိနေလို့ စစ်တပ်က နှိမ်နင်းဖို့ ထွက်လာရတာလို့ ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ဆယ်နှစ်ကျော်ကာလအတွင်း အုပ်စုတွေ ကွဲပြားနေခဲ့တာ ကြာပါပြီ။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတွေနဲ့ အတိုက်အခံတွေကြား အကြမ်းဖက်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေက ခေတ်သစ် ပြည်တွင်းစစ်ဖြစ်တော့မယ့်ဆဲဆဲ အခြေအနေထိ ဆိုက်ရောက်ခဲ့တယ်လို့ မီဒီယာတွေက သုံးသပ် ဖော်ပြ ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up