Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်တမျိုးထဲ သုံးမည်
ကျော်ဇေယျာဝင်း
·
May 21, 2015
၂၀၁၅ခုနှစ် ပါတီစုံအ​ထွေ​ထွေ​ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (ပီအာ)စနစ်ကို အသုံးပြုမှာ မဟုတ်ဘဲလက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့  နိုင်သူအကုန်ယူစနစ်(အက်ဖ်ပီတီပီ) စနစ်နဲ့သာ ကျင်းပသွားမယ်လို့ ​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌ ဦးတင်​အေးကပြောပါတယ်။ ရွေးကောက်ပွဲမှာ ပီအာစနစ်သုံးဖို့ အမျိုးသားလွတ်တော်မှာ ဆုံးဖြတ်ထားပေမဲ့ လာမဲ့ ရွေးကောက်ပွဲမှာတော့  နိုင်သူ အကုန်ယူစနစ်ပဲ ကျင့်သုံးသွားမယ်လို့ မေလ ၁၈ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သမ္မတနဲ့ နိုင်ငံရေးပါတီတွေ့ဆုံပွဲမှာ ပြောခဲ့ တာဖြစ်ပါတယ်။ ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦးတင်​အေး က “ပြည်သူ့လွှတ်​တော်​ကော၊ အမျိုးသား လွှတ်​တော်​ကော၊ တိုင်း​ဒေသကြီးနဲ့ ပြည်နယ်လွှတ်​တော်​ကော၊ ကျ​နော်ရဲ့ ​ရွေး​ကောက်ပွဲ စနစ်က အက်ဖ်ပီတီပီပဲ ဖြစ်ပါမယ်။ လွှတ်​တော်မှာ အမျိုးသားလွှတ်​တော်မှာ ဥပ​ဒေကြမ်း ​ဆွေး​နွေးတဲ့ ကာလပဲဖြစ်ပါတယ်။ ဧပြီလထဲမှာ ကျ​နော်စာတစ်​စောင်​ရေးပါတယ်။ ဧပြီလကုန်မှာ မဆုံးဖြတ်ဘူးဆိုရင်​တော့ ကျ​နော် မလုပ်​ပေးနိုင်ပါဘူး။ လွှတ်​တော်ကို ၂၀၁၃ ထဲက ကျ​နော် အသိ​ပေးခဲ့ပါတယ်။ ၂၀၁၄မှာပြဌာန်းမယ် ၂၀၁၅ မှာ ကျင့်သုံးပါ လို့​ပြောတယ်။ သို့​သော်လည်း အခုဧပြီလကုန်ထိ မပြဌာန်းနိုင်ဘူး ဆိုရင်​နောင်​ရွေး​ကောက်ပွဲ​ တွေမှသာ ဖြစ်​ပေါ်လာ​သော ဥပ​ဒေနဲ့အညီ ကျင့်သုံးပါလို့​ပြောခဲ့တာ​ကြောင့် ပြည်သူ့လွှတ်​တော်​၊ အမျိုးသား လွှတ်​တော်​၊ တိုင်း​ဒေသကြီးနဲ့ ပြည်နယ်လွှတ်​တော်​ တိုင်းရင်းသား လွှတ်​တော်ကိုယ်စား လှယ်များအားလုံး ဟာ အက်ဖ်ပီတီပီ စနစ်နဲ့ပဲကျင်းပ​ပေး သွားမယ်”လို့ပြောပါတယ်။ ဒါ့အပြင် လူမျိုးစုလွှယ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ဖို့အတွက် မဲဆန္ဒနယ်တွေ မသတ်မှတ်နိုင်သေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဦးတင်​အေးက ဆက်​ပြောပါတယ်။ “ကျနော် ခေါင်းအခဲဆုံးက တိုင်းရင်းသား လူမျိုးများရဲ့ကိုယ်စားလှယ်ပဲ။ ဒီကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့က အချိန်မီ လုပ်ပေးရပါမယ်။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ကတော့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသား လူမျိုးများ ဘယ်လောက်ရှိ တယ် ဆိုတာ ထုတ်ပြန်လိုက်ရင် အဲဒီ ထုတ်ပြန်လိုက်တဲ့ဟာကို မူတည်ပြီး တော့ ဝ ဒသမ ၁ ရာနှုန်းရှိတဲ့လူမျိုး များ၊ လူမျိုးစုများကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် တစ်နယ်သတ်မှတ်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်။” ဖက်ဒရယ်ပြည်​ထောင်စုပါတီက ဦး​စောသန်းမြင့်ကတော့ လာမယ့်​လွှတ်​တော်အရပ်ရပ်နဲ့ အစိုးရအဖွဲ့ အသီးသီးမှာ တိုင်းရင်းသားပါတီအသီးသီးက ကိုယ်စားလှယ်​တွေ ပါဝင်ဖို့​မျှော်လင့်​တယ်လို့ ပြောပါတယ်။ “တိုင်းရင်းသားစည်းလုံးညီညွတ်မှူမပျက်ပြား​စေလိုရင် အစိုးရအဖွဲ့အသီးသီးမှာ ပြည်မက အင်အားကြီးပါတီနဲ့ အဖွဲ့အစည်း​တွေပဲ​နေရာယူမယ့်အစား ကျ​နော်တို့ပြည်နယ်မှာရှိတဲ့ ပြည်နယ်ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီစစ်​စစ်​တွေကိုလည်း ကြည့်​ပေးကြပါ” ရွေးကောက်ပွဲကို ပထမအကြိမ်လွှတ်တော် သက်တမ်းမကုန်ခင် ရက်ပေါင်း ၉၀ အတွင်း ကျင်းပပေးရမှာဖြစ်လို့ အောက်တိုဘာလနောက်ဆုံးပတ်နဲ့ နိုဝင်ဘာလပထမပတ်အတွင်း ကျင်းပ​ပေးမှာဖြစ်ပြီး အနည်းဆုံးရက်ပေါင်း ၉၀ ၊ အများဆုံးလေးလကြိုကြေညာ​ပေးမယ်၊ မကြေညာခင် ၁၅ ရက် အလိုမှာ မဲဆန္ဒနယ်တွေ ကြေညာပေးမယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024