နီပေါငလျင်ဒဏ်ခံရပြီးနောက် အမျိုးသမီးများနှင့် ကလေးများ လူကုန်ကူးခံရမည့်အရေး သတိပေး

နီပေါနိုင်ငံတွင်း အကြီးစား ငလျင် ၂ ခု လှုပ်ခတ်အပြီး ထောင်နဲ့ချီတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ လူကုန်ကူးခံ ရမယ့်ဘေးတွေ တိုးနေတယ်လို့ အကူအညီပေးရေး လုပ်သားတွေက သတိပေးနေကြပါတယ်။ လူပေါင်း ၈၅၀၀ ကျော် သေဆုံးခဲ့တဲ့ အကြီးစား ငလျင်၂ ခု လှုတ်ခတ်အပြီး ဗရမ်းဗတာ အခြေအနေမှာ ကလေးသူငယ် အများအပြားဟာ သူတို့ရဲ့ မိဘတွေကို ဆုံးရှုံးခဲ့တာပါ။ Nepal-rubble-earthquake-AFPနီပေါဟာ နှစ်စဉ် အိန္ဒိယတနိုင်ငံတည်းကို မိန်းကလေးနဲ့ အမျိုးသမီး အယောက် ၇၀၀၀ လောက် လူမှောင်ခိုကူးတာ ခံနေရတဲ့နိုင်ငံလို့ ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေအဖွဲ့ကြီး ယူနီဆက်ဖ်က ခန့်မှန်း ပြောဆို ပါတယ်။ နီပေါကလေးတွေကို ကလေးကုန်ကူးသူတွေလက်က ဘေးကင်းအောင် လုပ်ရေးဟာ အကြီးစား စိန်ခေါ်မှု ဖြစ်လို့ ကလေးတွေကို ကာကွယ်ရေးက အကြီးစား ထိပ်တန်းဦးစားပေးပဲ လို့ ပလန် အင်တာနေရှင်နယ်အဖွဲ့ရဲ့ မီဒီယာမန်နေဂျာ ဒါဗင်ဒါ ကူးမားက ပြောပါတယ်။ ငလျင်ကြောင့် အိမ်တွေ ပြိုပျက်ခဲ့လို့ ယာယီတဲနဲ့ နေရတဲ့ သူတယောက်ကတော့ ကလေးတွေကို အပြင် လွှတ်ဖို့ ကြောက်နေရတယ်လို့ ပြောပါတယ်။ စီးပွားရေးအခြေအနေ၊ အဂတိလိုက်စားမှုနဲ့ လူ့အဖွဲ့အစည်းထဲထိ လှိုက်စားနေတဲ့ တိုင်းရင်းသားနဲ့ ကျားမ မတူညီမှုအပေါ် ခွဲခြား ဖိနှိပ်မှုတွေကြောင့် နီပေါနိုင်ငံတွင်း လူကုန်ကူးမှုနဲ့ ကျွန်ပြုမှုတွေအတွက် အခြေအနေတွေကို ဖန်တီးပေးသလို ဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံကတော့ စီးပွားရေးအမြန်ဆုံး တိုးတက်နေပြီး အရှေ့အာရှပြီးရင် ကမ္ဘာပေါ်မှာ လူကုန်ကူးမှု အကျယ်ပြန့်ဆုံး ဒုတိယနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံးက ဆိုပါ တယ်။ ယူနီဆက်ဖ်ရဲ့ အဆိုအရ နီပေါ အမျိုးသမီး ခန့်မှန်းခြေ အယောက် ၂ သိန်းလောက် အိန္ဒိယ ပြည့်တန်ဆာရုံတွေမှာ လောလောဆယ် အလုပ်လုပ်နေရပါတယ်။ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ ဖြစ်တဲ့ World Vision International အဖွဲ့က လုပ်အားပေးတွေကတော့ ကလေးတွေကို ပညာပေးဖို့နဲ့ အုပ်စုတွေထဲမှာ အတူထားဖို့ အာရုံစိုက် နေပါတယ်။ ငလျင်အပြီး စိတ်ဒဏ်ရာတွေကနေ နာလံထဖို့ ကလေးတွေကို အားကစားနဲ့ အက သင်တန်းတွေ ပေးထားပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေကတော့ နောက်ထပ် ၃ လအထိ နီပေါနိုင်ငံက လူ ၃ သန်းဟာ ယာယီတဲတွေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ ငလျင်ကြောင့် သေဆုံးသူ ဦးရေ အယောက် ၈၅၀၀ ကျော်ခဲ့လို့ နီပေါနိုင်ငံသမိုင်းမှာ လူအသေအပျောက် အများဆုံးကပ်ဘေးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up