Home
မြန်မာသတင်း
လက်နက်ကိုင်လမ်းစဉ်စွန့်ရန် ဆွေးနွေးဖူးခြင်းမရှိဟု အန်စီစီတီပြော
ရွှေအောင်
·
May 21, 2015
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့နဲ့ အစိုးရ အပစ်ရပ်ဆွေးနွေးကြတဲ့ထဲ လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်ဖို့ကိစ္စ ဆွေးနွေးခြင်းမရှိသလို အပစ်ရပ်စာချုပ်မူကြမ်းမှာလည်း မပါဝင်ဘူးလို့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေး၊ အန်စီစီတီအဖွဲ့ ဒုတိယခေါင်းဆောင် ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။ မေလ ၁၉ ရက် နေပြည်တော်မှာ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ခဲ့တုန်းက ကာကွယ်ရေးဦးစီးချုပ်က လက်နက်ကိုင် လမ်းစဉ်စွန့်ဖို့လိုတယ်လို့ ပြောကြားခဲ့မှုအပေါ် ဆက်သွယ်မေးမြန်းရာမှာ ဖဒိုကွယ်ထူးဝင်းက ခုလို ပြောတာ ဖြစ်ပါတယ်။ “ဟိုး စစ်အစိုးရလက်ထက်တုန်းကတော့ ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်တာတို့ဘာတို့ သုံးတာ ရှိတယ်။ အခု တွေ့ဆုံဆွေးနွေးမှုတွေမှာတော့ ဒါကို သုံးတာ မရှိဘူး။ အဲ့ဒီ ဝေါဟာရကိုသုံးပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့ထဲ မပါပါဘူး။” မေ ၁၉ နေပြည်တော်တွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတခုတွင် တည်ငြိမ်အေးချမ်းမှုအရေးကြီးပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားပါက ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါကြောင်း၊ ဥပဒေနှင့်အညီအစိုးရ ဖွဲ့စည်းထားသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်၍ အစိုးရကို လက်နက်စွဲကိုင်ပြီးဆန့်ကျင်ခြင်းကို လက်ခံ၍မရပါကြောင်း၊ အဓိကအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်လိုကြောင်း၊ မဟာ ဗျူဟာမိတ်ဖက်နိုင်ငံ အနေဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကိုရှေးရှု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်ရေးအတွက် တဖက်တလမ်းမှ ကူညီစေလိုပါကြောင်း စသဖြင့် ပြောကြားခဲ့ တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးထုတ်ပြန်ချက်အရ သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာပြည်မြောက်ပိုင်းကိစ္စရပ်များအတွက် စိုးရိမ်မှုရှိပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အပစ်အခတ်ရပ်ဖို့ မျှော်လင့်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024