ရက္ခိုင့်တပ်မတော်နှင့် ဆက်နွှယ်သူ ၂၃ ဦးကို ဖမ်းဆီးတရားစွဲ
နော်နိုရင်း
·
May 20, 2015
မြန်မာအစိုးရကို လက်နက်ကိုင်တိုက်နေတဲ့ ရက္ခိုင့်တပ်မတော် (အေအေ)နဲ့ ဆက်စပ်ပတ်သက်သူ ၂၃ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးတရားစွဲခံရသူတွေဟာ ရခိုင်ပြည်နယ် နေရာပေါင်းစုံက ဖြစ်ပြီး စစ်တပ်က ဖမ်းဆီး ကျောက်တော်မြို့နယ်ရဲစခန်းကို ပို့ဆောင်ကာ မတရားအသင်းပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။
ရဲမှူး ဦးခင်မောင်က “နယ်ပေါင်းစုံကပါ၊ ဗူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံတို့ ရခိုင်ပြည်တ၀ှမ်းက မြို့နယ်ပေါင်းစုံကပါ။ သူတို့တွေက ၂ ရက် ၅ လပိုင်းကစပြီး ဒီရဲစခန်းကိုရောက်တာပေါ့။ တယောက်နဲ့တယောက် ရောက်တဲ့ရက်က မတူဘူးပေါ့။ နောက်ဆုံး ၁၉ ရက်နေ့အထိပေါ့။ လောလောဆယ်ကတော့ ကျနော်တို့ မတရား အသင်းအမှုနဲ့ပဲ တရားစွဲ ထားတယ်။”
အစိုးရစစ်တပ်ရဲ့ စစ်ကြောချက်အရ ဖမ်းဆီးခံရသူအများစုဟာ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့သိရတဲ့အကြောင်း ကျောက်တော် ရဲတပ်ဖွဲ့က ပြောပါတယ်။
ရက္ခိုင့်တပ်မတော်ဘက်ကလည်း ဖမ်းဆီးခံရတဲ့သူတချို့ဟာ သူတို့ တပ်ဖွဲ့ဝင်ဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ တော်လှန်ရေးကို နောင်ကျင်အောင်လုပ်တဲ့ သဘောဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။
“အစိုးရအနေနဲ့ကတော့ ကျနော်တို့ ရခိုင်တော်လှန်ရေးသမားတွေပဲဖြစ်ဖြစ်၊ ဘယ်တော်လှန်ရေးသမားကိုမဆို သူတို့က အဲလို စွဲချက်တင်ပြီးတော့ တော်လှန်ရေးကို နောင်ကျင်သွားအောင် လုပ်တဲ့ သာဓကတွေကတော့ ခေတ်အဆက်ဆက်မှာရှိတယ်။ ဒါက ကျနော်တို့ ရခိုင်တလူမျိုးတည်း မဟုတ်ဘူး။ တခြားတိုင်းရင်းသားတွေကိုလည်း လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတခုပါပဲ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တချိုက ကျနော်တို့ရဲဘော်တွေ မှန်တယ်။ သူတို့အနေနဲ့ကတော့ ပုဒ်မ ၁၇(၁) မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မမျိုးနဲ့ တပ်ထားတာတွေ့ရတယ်။ ”
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေတုန်းက အစိုးရစစ်ကြောင်းတွေနဲ့ ရက္ခိုင့်တပ်မတော်တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရခိုင်လက်နက်ကိုင်တချို့ ဖမ်းဆီးရမိမှုတွေရှိခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဓာတ်ပုံ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
[gallery ids="93826,93825,93824,93823"]