ငါးဖမ်းလှေပေါ် ရောင်းစားခံရသူ မြန်မာတဦးရဲ့ ဖွင့်ဟချက်

ကျနော်နာမည်ကတော့ ခိုင်လင်းအောင်ပါ။ အသက် ၂၆ နှစ်ရှိပါပြီ။ ကျနော်က ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း သစ်ပို့တောင်ရွာကပါ။ ပြီးခဲ့တဲ့နှစ် ၇ လပိုင်းက ကျနော် ကော့သောင်းဘက်ကို အလည်လာပါတယ်။ ငွေ ၇ သောင်းခွဲ ကုန်တယ်။ ကော့သောင်းမှာ ကျနော်တို့ ရမ်းဗြဲက ဆန်းတင်လှိုင်နဲ့ တွေ့တယ်။ သူက ထိုင်းမှာ အလုပ်ကောင်း ရှိတယ်ပေါ့။ ကျနော်လည်း စိတ်ဝင်စားလို့ သွားမယ်ပေါ့။ သူက တဆင့် မဌေးဆိုတဲ့ မိန်းမကြီးဆီ လွဲပေးတယ်။ ပြီးတော့ တဆင့်ပြီးတဆငိ့ ပို့ကြတာ။ မမှတ်မိတော့ဘူး၊ ထိုင်းလူမျိုးတွေရော ပါတယ်။ ၄ ဆင့်လောက်ရှိတယ်။ သံခမောက်ကြီးဆိုလား မသိဘူး။ အဲဒီမှာ တောထဲမှာ ၇ ရက်လောက် အိပ်ရတယ်။ ကျနော်လည်း ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ နောက်ဆုံး ကတန်ဆိုတဲ့ လှေဆိပ်မှာ ထားခဲ့တယ်။ ပြီးတော့ ကတုံးမတယောက်က လာခေါ်ပြီး လှေပေါ်တင်ပေးတယ်။ အဲဒီချိန်ထိ ကိုယ့်ကိုယ်ကို ရောင်းစားခံနေရတာ မသိဘူး။ လှေပေါ်ရောက်တော့ ပိုက်ကွန်ချရတယ်၊ ငါးတွေ ရွေးရတယ်။ အဲဒီလိုပဲ နေ့တိုင်း ၆ လကျော် လုပ်ခဲ့ရတယ်။ ကမ်းပေါ်ကို ဆယ့်လေးငါးရက်မှ တခါ တက်ရတယ်။ ဒါပေမယ့် ကုန်းပေါ်မှာ ခြေတောက်ချရရုံလေး ခဏလေးပဲ နင်းရတယ်။ လှေပေါ်မှာ ထမင်းကို ငါးပြုတ်နဲ့ စားရပါတယ်။ လစာ တခါမှ မရဖူးဘူး။ အလုပ်မလုပ်ရင် အရိုက်ခံရတယ်။ တခေါက် ကျနော် နေမကောင်းလို့ အိပ်နေတာ မရဘူး၊ လုပ်ရမယ်လို့ပြောပြီး နံပါတ်တုတ်နဲ့ ရိုက်တယ်။ တခြားလူတွေလည်း ဒီလိုပဲ အရိုက်ခံရတယ်။ တခေါက် ကောင်လေးတယောက်က အိမ်ပြန်မယ်လို့ ပြောမိလို့ ရိုက်ထည့်လိုက်တာ သွားတောင်ကျိုးတယ်။ အဖိုးကြီးတယောက်ဆို အသက် ၆၀ ရှိပြီ ဘယ်နှနှစ်တောင် ရောင်းစားခံထားရလဲ မသိဘူး။ လှေပေါ်မှာ မြန်မာပြည်က လူတွေချည်းပဲ ၂၈ ယောက် ရှိတယ်။ မွန်၊ ဗမာ၊ ကရင်၊ ရခိုင် အစုံပဲ။ ထိုင်းလူမျိုးက ပဲ့နင်းရယ်၊ ပဲ့ကိုင်ရယ် ၂ ယောက်ပဲ ရှိတယ်။သူတို့က သေနတ်တွေ နံပါတ်တုတ်တွေ ရှိတော့ အားလုံးက ကြောက်တယ်။ လှေနာမည်က ထိုင်းလိုရေးထားတော့ မဖတ်တတ်ဘူး၊ နံပတ် ၈ ဆိုတာပဲ သိပါတယ်။ အဲဒီ လှေပေါ်မှာ လှေသားတွေကလည်း အချင်းချင်း မတည့်ဘူး၊ စကားများတယ်။ ရိုက်ကြတယ်။ ကျနော်လည်း စိတ်ကလည်း ညစ်၊ ပိုက်ဆံလည်း မရတာနဲ့ ကျနော်နဲ့ ကရင်ကောင်လေးတယောက် မနက်စောစော ၄ နာရီခွဲလောက်မှာ လှေပေါ်က ခုန်ချခဲ့ပါတယ်။ ကျနော်က မခုန်ချခင် အဲဒီညက တညလုံး ဘုရားတရားအာရုံပြုတယ်။ ငါးပါးသီလ ရွတ်တယ်။ ဘယ်ဘက်လက်မှာလည်း ဖော့လုံးတလုံး ချီလာတယ်။ ကျနော်တို့ ရခိုင်တွေက ရေကူး တတ်တယ်လေ။ လက်ပစ်ကူးလိုက်၊ ကုလားတန်ထိုးလိုက်၊ နားလိုက်လုပ်တယ်။ ကျနော်နဲ့ တူတူခုန်ချတဲ့ ကရင်ကောင်လေးကတော့ ပထမတခေါက် ရေငုပ်ပြီး တက်လာတော့ သူ့ကို မြင်ရတယ်။ ဒုတိယတခေါက် ရေငုပ်ပြီး ကြည့်တဲ့ခါကျတော့ မရှိတော့ဘူး။ ကျနော်အထင်တော့ သူက ပင်လယ်ထဲမှာပဲ သေပြီးကျန်ခဲ့ပြီလို့ ထင်တာပဲ။ ကျနော်လည်း ၂ နာရီလောက်ကြာအောင် ကူးပြီးတဲ့ခါ ကိုယ့်ကိုယ်ကိုယ် မသိတော့ဘူး။ ကျနော် တတိရလာတဲ့အခါ ကမ်းစပ်တခုမှာ လဲနေတာ၊ ကျနော်ထင်တာတော့ လှိုင်းတွေက ကျနော်ကို ကမ်းစပ်ဘက် ပုတ်လိုက်တာလို့ ထင်ပါတယ်။ ရှမ်း(ထိုင်း) အဖိုးကြီးလင်မယား ၂ ယောက်က ကျနော်ဘေးနားမှာ။ သူတို့က ကျနော်ကို ရေတိုက်တယ်၊ ရင်ဘတ်တွေ ဖိပေးတယ်။ သူတို့အိမ်ကို ခေါ်သွားတယ်။ ကျနော်လည်း အဲဒီကျွန်းမှာပဲ သူတို့အလုပ်တွေ ကူလုပ်ပေးရင်း နေလာတာ ၁ လ ကျော်ပါတယ်။ သူတို့က ကျနော်ကို အဟောင်းပစ္စည်းဆိုင်မှာ အလုပ်သွင်းပေးတယ်။ ဒီလိုနဲ့ မြန်မာပြည်က အလုပ်သမား ၂ ယောက်နဲ့ အသိဖြစ်သွားပြီး သူတို့က တယ်လီဖုန်းကနေ ရမ်းဗြဲသားတယောက်နဲ့ ချိတ်ပေးပါတယ်။ အဲဒီတယောက်ကနေ ကျနော်တို့ အမျိုးတယောက်နဲ့ ထပ်ပြီး အဆက်အသွယ်ရတယ်။ သူကနေတဆင့် အခု ကယ်ဆယ်ရေးအဖွဲ့ ( ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် - အမ်အေတီ ) ဆီကို တနေ့က ရောက်ခဲ့ပါတယ်။ ထိုင်းလို ပြောတတ်တဲ့ မြန်မာ ၂ ယောက်က ကျနော်ကို လာပို့ပေးတာ။ ကျနော်ကို ကယ်ခဲ့တဲ့ ကျွန်းနာမည် ကျနော်လည်း သေချာ မသိပါဘူး၊ ထိုင်းလို ခနောင်ဆိုလား ခနောင်းဆိုလားမသိဘူး အဲလို ခေါ်တယ်။ ကျနော် ဒီကိုရောက်ဖို့ အတွက် ခရီးစရိတ် ဘတ် ၄၅၀၀ ထိုင်းလင်မယားက ပေးပါတယ်။ ပြီးတော့ ကျနော်လမ်းမှာ သုံးဖို့ဆိုပြီး မုန့်ဖိုး ထပ်ပေးသေးတယ်။ သူတို့ကယ်လို့ပေါ့ဗျာ၊ မဟုတ်ရင် ကျနော်တော့ သေပြီပေါ့။ ဒီရောက်တော့ ကယ်ဆယ်ရေးအဖွဲ့ (အမ်အေတီ)တို့က ကျနော်ကို ဆွေမျိုးတွေနဲ့ ပြောရအောင် ဖုန်းခေါ်ပေးပါတယ်။ အဖေတို့ အမေတို့က တောမှာ၊ တယ်လီဖုန်း မရှိဘူး။ အမ၀မ်းကွဲတယောက်နဲ့တော့ စကားပြောရတယ်။ အခုနေ ဘာလုပ်ချင်သလဲဆို အိမ်ပြန်ဖို့ လမ်းစရိတ်ရဖို့ အလုပ်လုပ်ချင်တယ်။ ဒါပေမယ့် ကုန်းပေါ်မှာလုပ်တာ ရေထဲမှာ လုပ်တာနဲ့ မတူဘူး ။ လက်မှတ်တွေ ဘာတွေရှိဖို့ လိုတယ်။ လက်မှတ်ဆို မြင်တောင် မမြင်ဖူးပါဘူးဗျာ ၊ လှေပေါ်က လူတွေအားလုံး တူတူပဲ၊ တယောက်မှ လက်မှတ် မရှိဘူး၊ ၀ဏ္ဍ (အလုပ်သမားခေါင်းဆောင်)ကတော့ သူ့ဆီမှာ ရှိတယ်တဲ့ တခါ ထုတ်ပြတယ် ။ အနီရောင်လေး။ ကျနော် ဒီကယ်ဆယ်ရေးရုံးရောက်တော့ ဒုက္ခရောက်နေတဲ့ ကျနော်တို့ဆီကလူတွေ အများကြီး တွေ့ရတယ်။ ကျနော် သင်ခန်းစာရတဲ့ဟာ ပြောချင်ပါတယ်။ ကျနော်တို့ဆီက လူတွေ သူများနိုင်ငံကို အထင်မကြီးပါနဲ့လို့၊ ကိုယ့်ခြံကိုယ်ဝင်း ကိုယ့်နိုင်ငံမှာပဲ အေးအေးဆေးဆေး လုပ်စားကြပါလို့။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up