အာဏာသိမ်းရန်ကြံစည်မှုဖြင့် ဘူရွန်ဒီ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးကို သမ္မတက ရာထူးမှ ထုတ်ပယ်

ဘူရွန်ဒီ သမ္မတ ဇီဇာဟာ သူရဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးကို ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့မှာ ရာထူးက ထုတ်ပယ်လိုက်ပြီး အကြောင်းပြချက်ပေးဖို့ ငြင်းလိုက်ပါတယ်။ တတိယမြောက် သမ္မတသက်တမ်းအတွက် အဆိုပြုထားတဲ့ သမ္မတကို ဆန့်ကျင်တဲ့ ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းဖို့ ကြိုးစားမှုအပြီး ၅ ရက်မြောက်နေ့မှာ ခုလိုထုတ်ပယ်တာပါ။ သမ္မတက ရှင်းပြစရာ မလိုဘူး အခြေခံဥပဒေက သူကို လုပ်ပိုင်ခွင့် ပေးထားတယ်လို့ သမ္မတ ပြောခွင့်ရက ပြောပါတယ်။ မေလအစောပိုင်းက သမ္မတရဲ့ တတိယမြောက်သက်တမ်းနဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ပြည်သူတွေက ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေအပြီး ထုတ်ပယ်ခံ ကာကွယ်ရေးဝန်ကြီး အရုရှက ငြိမ်းချမ်းရေး သဘောတူညီချက်၊ အခြေခံဥပဒေတို့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို သတိပေး ပြောဆိုခဲ့ဖူးပါတယ်။ ဝန်ကြီးတွေကို ရာထူးက ထုတ်ပယ်မှုဟာ အာဏာသိမ်းဖို့ ကြိုးစားမှုအပြီး အစိုးရအဖွဲ့တွင်း ပထမဆုံး ဆူပူကန့်ကွက်မှု သင်္ကေတလဲ ဖြစ်ပါတယ်။ နိုင်ငံရေးအကျပ်အတည်းက ထိန်းမရ ဖြစ်လာပြီး တိုင်းရင်းသားတွေကြား ပဋိပက္ခ ဆက်ဖြစ်လာမှာလဲ စိုးရိမ်နေကြပါတယ်။ ၂၀၀၅ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ဘူရွန်ဒီပြည်တွင်းစစ်အတွင်း လူအယောက် ၃ သိန်းလောက် သေဆုံးခဲ့ပါတယ်။ အိမ်နီးချင်း ရဝမ်ဒါနိုင်ငံမှာတော့ တွက်စီလူမျိုး အများစုကို လူမျိုးတုံး သတ်ဖြတ်မှုအတွင်း လူအယောက် ၈ သိန်း သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းမှုအပြီး နာလံထမှုဟာ သမ္မတအနေနဲ့ သူ့ရာထူးကို ရေတိုမှာ အားကောင်းအောင် လုပ်နိုင်ပေမယ့် သူရဲ့ အဓိက ပြောခွင့်ရသူရဲ့ ညီအကိုကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည် ခန့်အပ်မှုက သမ္မတမှာ ယုံကြည်မှု လျော့ပါးနေပြီဆိုတာ ပြနေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ မေ ၁၄ ရက်နေ့ အာဏာသိမ်းမှုနောက်ကွယ်က လူအများအပြားကို တရားစွဲထားပြီ ဖြစ်ပေမယ့် အဓိကခေါင်းဆောင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဂိုဒီဖရွိုက် နီယွန်ဘာရေကတော့ တရားစွဲ မခံရသေးဘဲ ကျန်နေဆဲပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up